အမျိုးသမီးတစ်ဦး မိုင်းနင်းမိ၍ သေဆုံး
မတ်လ ၂၇ရက်၊၂၀၁၈ခုနှစ်
မှတ်တမ်းနှင့်သုတေသနဌာန
တအာင်းအမျိုးသမီးအဖွဲ့အစည်း
မတ်လ ၂၅ရက် နံနက် ၈နာရီခွဲဝန်းကျင်တွင် ကျောက်မဲမြို့နယ် တောဖယ်ကျေးရွာနေ မအေးဟန် အသက် ၃၅နှစ်သည် လက်ဖက်ခြံတွင် လက်ဖက်ခူးရာမှ မိုင်းနင်းမိကာ သေဆုံးသည်ဟု သတင်းရရှိသည်။
ရွာသားတစ်ဦးပြောပြချက်အရ “အဲ့နေ့မနက်က သူတစ်ယောက်ထဲပဲ လက်ဖက်ခြံသွားတာ၊ မနက်၈နာရီခွဲဝန်းကျင်မှာ မိုင်းပေါက်သံ ကြားတယ်၊ ညနေထိ သူ အိမ်ပြန်မရောက်တော့ သူ့အိမ်က လူတွေ ခြံထဲမှာ ပြန်သွားရှာတယ်၊ မိုင်းထိပြီး သူသေဆုံးနေပြီ”ဟု ပြောသည်။
သေဆုံးသူ ဒေါ်အေးဟန်သည် ဝမ်းဗိုက်၊ ခါး နှင့်ခြေထောက်များတွင် ဒဏ်ရာရရှိခဲ့ပြီး မည်သည့်အဖွဲ့အစည်း ထောင်ထားသည့် မိုင်းဖြစ်သည်ကို ရွာသားများအနေနှင့် သေချာမပြောနိုင်ဟု ၄င်းက ဆက်ပြောသည်။
ထိုဒေသတွင် ပြီးခဲ့သည့် မတ်လ ၁၀ရက်နေ့မှ ၁၆ ရက်နေ့ထိ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီတို့ တိုက်ပွဲပြင်းထန်မှုဖြစ်ပွားပြီး ရွာသားများ ကျောက်မဲမြို့သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
ထို့အပြင် မတ်လ ၂၅ရက်နေ့ နံနက်၈နာရီဝန်းကျင်ခန့် ဦးဇင်းတစ်ပါးနှင့် ကိုရင်၂ပါးတို့ ပန်မုံကျေးရွာထိပ်တွင် မိုင်းနင်းမိပြီး မိုင်းငေါ့ဆေးရုံ သွားခဲ့သော်လည်း ခွဲစိပ်ရန်ကိရိယာအခက်ခဲရှိသဖြင့် ကျောက်မဲဆေးရုံသို့ လွှဲပြောင်း ဆေးကုသခံယူနေရသည့် ကိစ္စရပ်များရှိခဲ့သည်။











Leave a Reply
Want to join the discussion?Feel free to contribute!