စစ်ရှောင်နေသည့် မိသားစုလိုက် အိမ်ပြန်စားနပ်ရိက္ခာယူစဉ် ဂျက်လေယာဉ် ဗုံးကြဲခံရပြီး အဖေဖြစ်သူ ပွဲချင်းပြီးသေဆုံး ၃ ဦး ထိမှန်ဒဏ်ရာရရှိခဲ့

Ta’ang Women’s Organization

ရှမ်း/မြောက် ကွတ်ခိုင်မြို့နယ် အင်မိန်းဟိုကျန့်အုပ်စု ဟွေခုတ်ကျေးရွာတွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၁ ရက်နေ့ နေ့လယ်ခင်း ၁၁ နာရီအချိန်တွင် အကြမ်းဖက်စစ်ကောင်စီမှ ကျေးရွာအတွင်း ဂျက်ဖိုက်တာလေယာဉ်ဖြင့် ဗုံးကြဲခဲ့ခြင်းကြောင့် မိသားစုဝင် ၄ ဦး ထိခိုက်ခဲ့ပြီး အဖေဖြစ်သူမှ ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

ဖြစ်စဉ်မှာ လွန်ခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း တအာင်းတပ်မတော်(TNLA) နှင့် အကြမ်းဖက်စစ်တပ်တို့အကြား တိုက်ပွဲဖြစ်ပွားနေခဲ့စဉ်အတွင်း ဟိုကျန့်ရွာ၊ မန်ထမ်ရွာ နှင့် ဟွေခုတ် ကျေးရွာသားများသည် နီးစပ်ရာ မန်တုံကျေးရွာတွင် ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။ မန်တုံကျေးရွာတွင် စစ်ဘေးရှောင်နေရင်း သိမ်းထားသည့်ငွေသားနှင့် စားသောက်စားရိတ်ပြတ်လတ်ခဲ့သောကြောင့် ၎င်းကျေးရွာသို့ ပြန်လာယူနေစဉ် လေယာဉ်ဗုံးကြဲပစ်ခတ်ခြင်းခံခဲ့ရပြီး ယခုလို သေဆုံးရခြင်း ဖြစ်ပါသည်။

ဒဏ်ရာရရှိသည့် အေးလွေးပြောပြသည်မှာ “ အိမ်မှာတစ်ညပြန်လာအိပ်တယ် ဆန်၊ဆား၊ဆီတို့ ပစ္စည်းတွေ ချင်းတောင်းထဲထည့်နေတဲ့အချိန် လေယာဉ်လာသံကြားရတယ်၊ သူ့အိမ်ပေါ်မှာဖြတ်သွားပြီ ပြီးမှဗုံးကွဲတာ၊ အဖေက အိမ်ရှေ့ကတဲနားလေးမှာ ရပ်နေတော့ သူ့နားလေးမှာ ဗုံးကျကွဲခဲ့တယ်၊ သူထိပြီတဲ့အဲ့လိုပဲပြောပြီး အသက်မရှင်တော့ဘူး အမေနဲ့ကျမလည်း ကျည်စတွေထိတယ် အိမ်ရောထိတယ်” သည်ဟု ပြောပါသည်။

သေဆုံးသူသည် အသက်(၅၀) နှစ်အရွယ် ဦးအကစ်ဖြစ်ပြီး သူ၏ ဇနီး အသက်(၅၃) နှစ် ဒေါ်ယာအိုသည် ဘယ်ဘက်လက် နှင့် ညာပုခုံးတွင် ကျည်စထိမှန်ပြီး သမီးဖြစ်သူ အသက်(၂၃) နှစ်အရွယ် အေးလွေးသည် လက်တံတောင်ဆစ်တွင် ထိမှန်ဒဏ်ရာရရှိခဲ့သလို အတူတူလိုက်ပါလာသည့် အသက်(၂၅) နှစ်အရွယ် မအေးဖြစ်သည်လည်း ခြေကျင်းဝတ်တွင် ကျည်စထိမှန်ပြီး လမ်းမလျှောက်နိုင်သေးပဲ ဆေးကုသနေရဆဲ ဖြစ်သည်။

“ အဖေက မီးဖိုချောင်ဆောက်ဖို့ သူပိုက်ဆံသိမ်းထားတာ သူမပြောပြဘူး၊ ပြန်လာတဲ့နေ့မှသိတာ၊ အဲ့ပိုက်ဆံစိတ်မချဘူးတဲ့ ဒါပေမယ့် ဒဏ်ရာတော့ ဆေးရုံချက်ချင်းသွားလိုက်တာ အိမ်ဖောက်ခံရပြီးတော့ အဲ့ပိုက်ဆံသူများခိုးခံလိုက်ရတယ် အဖေကိုသင်္ချိုင်းကုန်း သင်္ဂျိုတဲ့အချိန် လေယာဉ်နောက်တစ်စီး ထပ်လိုက်လာတယ်လို့ ပြောတယ် ကျမတို့တော့ မမှီလိုက်ဘူး ဆေးရုံသွားနေတယ်” သည်ဟု ဦးအိုက်ကစ်သမီးဖြစ်သူမှ ဆိုပါသည်။

ဒဏ်ရာရရှိထားသည့် ၎င်းတို့ (၃) ဦးကို ကွတ်ခိုင်ဆေးရုံမှတစ်ဆင့် ကောင်းခါးဆေးရုံသို့ သွားရောက်ကာ ရက် ၂၀ ကြာသည်အထိ ဆေးကုခဲ့ရပြီး ယနေ့အထိ အပတ်စဉ် ဆေးကုသနေရဆဲ ဖြစ်သည်။

တအာင်းအမျိုးသမီးအဖွဲ့အစည်မှ ကွင်းဆင်းပြီး မှတ်တမ်းပြုစုထားသည့် မှတ်တမ်းအရ ဆယ်ရက်အကြာ ဖြစ်ပွားခဲ့သည့် ကွတ်ခိုင်တိုက်ပွဲကာလအတွင်း လက်နက်ကြီးနှင့် လေယာဉ်ဗုံးကြဲမှုကြောင့် အရပ်သားပြည်သူ (၇) ဦး သေဆုံးခဲ့ပြီး ထိမှန်ဒဏ်ရာရှိခဲ့သူ (၇) ဦး အထိ ရှိခဲ့သည်။

#ဂျက်လေယာဉ်

#ဗုံးကြဲ

#ပွဲချင်းပြီးသေဆုံး

#ဟွေခုပ်ရွာ

#ကွတ်ခိုင်