အကြမ်းဖက်စစ်တပ်မှဒေသခံ၆ဦးကိုအကြောင်းမဲ့ဖမ်းဆီးပြီးညှဉ်းပန်းနှိပ်စက်မှုပြုလုပ်ခဲ့

ရှမ်း/မြောက် မူဆယ်ခရိုင် ကွတ်ခိုင်မြို့သိမ်းတိုက်ပွဲ တိုက်ပွဲကာလအတွင်း အပြစ်မဲ့အရပ်သား ၆ ဦး ဖမ်းဆီးခံရပြီး မြေအောက်အချုပ်ခန်းအတွင်း ညှဉ်းပန်းနှိပ်စက်မှု ဖြစ်စဉ်များ ဖြစ်ပျက်ခဲ့သည်ဟု ကာယကံရှင်များထံမှ သိရှိခဲ့ရသည်။

ဖမ်းဆီးခံရသူများသည် မန်ထမ်ကျေးရွာ နဲ့ ဟိုကျန့်ကျေးရွာ ဒေသခံများဖြစ်ကြပြီး အသက် (၅၀) နှစ်အရွယ် ဦးအိုက်အောင်၊ မိုင်းအိုက်လဲဝ်း၊ မိုင်းအိုက်ထွန်း၊ ကိုအိုက်ယိုင်ဆောင်၊ အသက် (၂၃) နှစ်အရွယ် မိုင်းအိုက်ယီ  နှင့် အသက်(၃၅) နှစ်အရွယ် ဦးအိုက်ဖဲ တို့ ဖြစ်ကြသည်။

ဟိုကျန့်ဒေသခံ အသက်(၅၀) နှစ်အရွယ် ဦးအိုက်အောင်သည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့ နေ့လယ် ၃ နာရီအချိန် ၎င်းနေအိမ်တွင် ဖမ်းဆီးခြင်းခံခဲ့ရပြီး ဗျူဟာကုန်းရှိ မြေအောက်အချုပ်ခန်းအတွင်းတွင် (၁၉) ရက်တိုင်တိုင် ဖမ်းဆီးချုပ်နှောင်ခံထားရပြီး ကွတ်ခိုင်မြို့တစ်ခုလုံးကို ထိန်းချုပ်နိုင်သည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့တွင် ကယ်ထုတ်နိုင်ခဲ့သည်။

ကာယကံရှင်ကိုယ်တိုင် ပြောပြသည်မှာ “ ဖမ်းခံရတဲ့ချိန်တုန်းက တိုက်ပွဲသိပ်မဖြစ်သေးတဲ့ကာလဖြစ်တယ်၊ အိမ်မှာဖုန်းပြောနေတာ သူတို့က ရောက်လာတာ အိမ်မှာမွှေရင်းနဲ့ စကားပြောစက်တွေ့သွားတာ၊ ကျနော့်ကို ၂၄၂ တပ်ရင်းကဖမ်းခဲ့တာ အချုပ်ခန်းထဲကခြောက်ပေါက်မှာ ထည့်ထားတာ မျက်လုံးတွေကို လည်ပင်းလည်း ကြိုးနဲ့ချည်ထားတယ် လက်ထိပ်ခပ်ထားတယ် ဖမ်းသွားကတည်းက ထမင်းမကျွေးဘူး တစ်ရက်ရေတစ်ဘူးပဲ တိုက်တယ် အဲ့မှာအိပ်ရတယ် အဲ့မှာအပေါ့သွားတယ် လက်ကောက်နဲ့ခြေကျင်းဝတ်တွေ ကျည်းတွေအရမ်းချည်ထားလို့ အရေပြားထဲကို ၃ မတ်လောက်ဝင်သွားတယ် ” သည်ဟု ပြောပါသည်။

ဟိုကျန့်ရွာသား ဦးအိုက်အောင်သည် ဖမ်းဆီးသွားသည့်အချိန်တွင် ၎င်း၏ နေအိမ်တွင် ကျေးရွာအကျိုးပြု ကော်မတီ ဝင်အချင်းချင်းကြား ဆက်သွယ်အသုံးပြုရန် ဝယ်ထားသည့် စကားပြောစက်ကို ရှာဖွေတွေ့ရှိမှုနှင့် စပ်လျဉ်း၍ ခြောက်ဦးအနက် ဦးအိုက်အောင်သည် ဖမ်းဆီးချုပ်နှောင်ထားသည့် ကာလပတ်လုံး ညှဉ်းပန်းနှိပ်စက်ခံရဆုံး ရွာသားတစ်ဦးဖြစ်ပြီး အသက်မသေပဲ ပြန်လွှတ်မြောက်ခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရသည့်အတောအတွင်းတွင် ၎င်းနေအိမ်သည်လည်း ပေါင် ၅၀၀ ဗုံးကြဲခြင်းကြောင့် အများအပြားထိခိုက်ပျက်စီးခဲ့ရသည်။

ဖမ်းဆီးနှိပ်စက်ခံရသည့်အချိန်တွင် တအာင်းတပ်မတော်(TNLA) ပစ္စည်းများ သိမ်းဆည်းထားသည့်နေရာနှင့် ကိုယ်ပိုင်နံပါတ်အမှတ်အသား မေးခွန်းနှစ်ခုကို မေးမြန်းပြီး ခန္ဓာကိုယ်တွင် ဓားမြှောင်၊ တုတ်၊ လွန်၊ သံကြိုးတွေနဲ့ အသုံးပြုကာ နှိပ်စက်ခဲ့ပြီး နှိပ်စက်ခံထားရသည့် ဒဏ်ရာများကို ယနေ့အချိန်ထိ ဆေးကုသနေဆဲဖြစ်သည်။

နောက်ထပ်ဖမ်းဆီးခံရသည့် မန်ထမ်ရွာသား မိုင်းအိုက်ယီမှ “ တိုက်ပွဲဖြစ်တဲ့အချိန် ကတုတ်ကျင်းထဲဝင်နေတာ အသံငြိမ်တော့ ထွက်လာတယ် စစ်ကြောင်း‌တွေနဲ့တည့်တည့် တိုးသွားတာ ဦးလေးနဲ့အတူတူဖမ်းသွားခံရတာ ဗျူဟာကုန်းကိုခေါ်သွားပြီးတော့ ရဲလက်ထဲပြန်အပ်တာ၊ စစ်သားဟုတ်မဟုတ်မေးတယ်၊ ရိုက်တော့မရိုက်ခံရဘူးပေါ့ ၅ ရက်မြောက်မှ ပြန်လွတ်လာပေးတာ” သည်ဟု ထပ်မံပြောပြသည်။

ကျေးရွာသား(၅)ဦးကို ပြန်လွှတ်လာသည့်အချိန်တွင် ကျေးရွာတာဝန်ရှိသူများ နဲ့ ကွတ်ခိုင် တအာင်းစာပေ/ယဉ်ကျေးမှုအဖွဲ့များမှ ထောက်ခံချက်ပေးပြီး ငွေသား (၅) သိန်းကျပ် ပေးဆောင်ခဲ့ရသည်ဟု ၎င်းမှပြောပြသည်။

လက်ရှိအချိန်တွင် ကွတ်ခိုင်မြို့ရှိ တပ်ရင်း၊အမြောက်တပ်၊ ဗျူဟာတပ်ကုန်းအပါအဝင် ဌာနဆိုင်ရာများအားလုံးကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) တပ်ဖွဲ့မှ ထိန်းချုပ်ထားနိုင်ပြီး မိုဘိုင်းဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရဆဲ ဖြစ်သည်။