တအာင်း(ပလောင်)အမျိုးသား ပါတီ (TNP) ဗဟိုရုံး- ရုံးအုပ်တာဝန်ခံ ညှဉ်းပန်းနှိပ်စက်ခံရ

သြဂုတ်လ ၈ ရက် ၂၀၁၇ ခုနှစ်
သြဂုတ်လ ၄ ရက်နေ့ ၂၀၁၇ ခုနှစ် ည (၇) နာရီ ဝန်းကျင်တွင် တအာင်း(ပလောင်)အမျိုးသား ပါတီ ဗဟိုရုံး TNP ရုံးအုပ်တာဝန်ခံ ဖြစ်သူ အသက် (၃၀)ကျော် မိုင်းကျော်စိုးအား မြန်မာ့တပ်မတော်မှ ညှဉ်းပန်းနှိက်စက် မှုကြောင့် ဒဏ်ရာပြင်းထန်စွာရရှိ၍ ယခုချိန်ထိ နမ့်ဆန်ဆေးရုံတွင် ဆေးကုသမှု ခံယူနေသည်ဟု သိရသည်။

ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် တအာင်း(ပလောင်)အမျိုးသား ပါတီ (TNP ) ဗဟိုရုံးတွင် ရုံးအုပ်တာဝန်ခံ အဖြစ် ထမ်းဆောင်နေသော မန်ပန်ကျေးရွာနေ မိုင်းကျော်စိုးသည် ထိုနေ့တွင် လက်ဖက်ရွက် စိမ်းများကို မန်ခိုက်ရပ်ကွက်သို့ ဆိုင်ကယ်ဖြင့် ရောင်းပြီးအပြန် ဘုရားကြီးအနီးတွင် (သတင်းထောက်များ ဖမ်းဆီးခံရသည့် နေရာအနီး) အရပ်ဝတ် ၃-၄ ဦးမှ တားဆီးပြီး ရိုက်နှက်ခဲ့သည်ဟု ပြောသည်။

ဆွေမျိုးတော်စပ်သူ တစ်ဦးမှ “ ကျော်စိုးက မန်ခိုက်မှာ လက်ဖက်တွေ ရောင်းပြီး သတင်းထောက်တွေ ဖမ်းခံရတဲ့ နေရာရောက်တော့ အရပ်ဝတ် လူနှစ်ဦးက ဆိုင်ကယ်ကို တားဆီးလိုက်တယ်၊ မှောင်နေပြီဆိုတော့ ပါလာတဲ့ ပိုက်ဆံနဲ့ ဆိုင်ကယ်ကို လုယူတဲ့သူလို့ဘဲ ထင်ပြီး မရပ်ဘဲ ဆက်မောင်းသွားတယ်၊ မနီးမဝေး နေရာ ရောက်တော့ နောက်ထပ် အရပ်ဝတ် (၃) ဦးက ခြုံအတွင်းကနေ ပြန်ထွက်လာပြီး ဆိုင်ကယ်ကို တားဆီးတဲ့ ချိန်မှာ ဗမာစစ်သားတွေ ဖြစ်ကြောင်း သိရတယ်” ဟုပြောသည်။

အရပ်ဝတ် မြန်မာ့တပ်မတော်မှ မိုင်းကျော်စိုးအား စစ်ဆေးမေးမြန်းပြီး လက်နှိပ်ဓါတ်မီးဖြင့် ဝိုင်းရိုက်ရာ နားရွက်အထက်နား ပေါက်ပြဲ ဒဏ်ရာ၊ ရှေ့အပေါ် သွားကျိုးပဲ့ ဒဏ်ရာ၊ ဝဲဘက်ပါး ပွန်းပဲ့ဖူးယောင် ဒဏ်ရာ၊ အောက်နှုတ်ခမ်းကွဲဒဏ်ရာနှင့် ဝဲဘက်ပုခုံး ဒဏ်ရာများစွာ ရရှိပြီး ယခုချိန်ထိဆေးရုံတွင် ကုသမှု ခံယူနေသည်။

၄င်းဖြစ်စဉ်နှင့် ပက်သက်၍ နမ့်ဆန်မြို့ ရဲစခန်းသို့ သွားရောက်တိုင်ကြားရာ စခန်းမှူ းနှင့် ရဲတပ်သား (၁) ဦးတို့ ရောက်လာပြီး ဆေးစစ်ချက်နှင့် အချက်လက်သာ ယူဆောင်သွားပြီး ယခုချိန်ထိ မည်သည့်ဖြေရှင်းချက် တစ်စုံတစ်ရာမျှ မတွေ့ရသေးပေ။

ထို့အပြင် ဧည့်ရိပ်သာ တာဝန်ကျ မြန်မာ့တပ်မတော် အရာရှိ (၁)ဦးနှင့် တပ်သား (၁) ဦးတို့လည်း ရောက်လာပြီး အခင်းဖြစ်ပွားချိန်တွင် မိမိတပ်သားမှ ကင်းစောင့်နေရ၍ အပြင်ထွက်ခွင့် မရသည့်အတွက် မိမိ တပ်သား မဟုတ်ကြောင်း တပ်မ အကူးအပြောင်းဖြစ်သည့်ချိန်တွင် အရပ်ဝတ်တပ်သားရှိသည့်အတွက် တပ်မမှူ း ကိုယ်စား တောင်းပန်ကြောင်းပြောသည်။

“ ဧည့်ရိပ်သာမှာ တာဝန်ကျတဲ့ စစ်သားတွေ မဟုတ်ဘူးဆိုပြီး အရာရှိနဲ့ တပ်သားက လာတွေ့ပြီးပြောတယ်၊ ဒါပေမဲ့ တပ်မ အကူးအပြောင်းကာလမှာဆိုတော့ အရပ်ဝတ်တပ်သားတွေ ရှိနေတယ်၊ အဲဒီအတွက် တပ်မမှူ းက တောင်းပန်ပါတယ်ဆိုတဲ့ စကားသာ ကိုယ်စားပြောခိုင်းတယ်၊ လူကိုယ်တိုင်တော့ ရောက်မလာဘူး၊ ကုန်ကျတဲ့ ဆေးဝါးကုသစရိတ်မေးတော့ တပ်မမှူ း ဘာမှ မမှာခဲ့ဘူး ” ဟု ဆွေမျိုးတော်စပ်သူမှ ဆက်ပြောသည်။

ထို့ကြောင့် တအာင်း(ပလောင်)အမျိုးသား ပါတီ ဗဟိုရုံးမှ အထက်သို့ အမှုဖွင့် တိုင်ချက်ဖွင့်ရန် စီစဉ်နေကြောင်း သိရသည်။

မှတ်တမ်းနှင့်သုတေသနဌာန
တအာင်းအမျိုးသမီး အဖွဲ့အစည်း