ကြံခုတ် အလုပ်သမားများအား KIA မှ ဖမ်းဆီးခေါ်ဆောင်သွား

ဖေဖော်ဝါရီ၊ ၁၆ရက်၊ ၂၀၁၈ခုနှစ်

သတင်းမှတ်တမ်းနှင့် သုတေသနဌာန
တအာင်းအမျိုးသမီးအဖွဲ့အစည်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မန်ကောင်းကျေးရွာတွင် ဖေဖော်ဝါရီလ (၉)ရက်နေ့၊ ည(၉)နာရီအချိန်တွင် ကြံခုတ်နေသောအလုပ်သမားများကို ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု သတင်းရရှိသည်။

ဖမ်းဆီးခံရသော အမျိုးသမီးတစ်ဦးမှ “ ည၉နာရီမှာ ကျမတို့ကို လာဖမ်းသွားတယ်၊ နောက်တနေ့ ညနေ၃နာရီ လောက်မှ သူတို့နေတဲ့နေရာကို ရောက်တယ်၊ အဲ့မှာ ကျမတို့ပြောတာက ကျမအိမ်မှာ ကလေးရှိထားတယ်၊ ကျမတို့ကို ပြန်လွှတ်ပေးလို့ပြောတော့ ပြန်လွှတ်ပေးလိုက်တယ်၊ ကျန်တဲ့ယောကျာ်းလေးတွေကိုတော့ သူတို့ အလုပ်လုပ်ခိုင်းတယ်” ဟု ပြောသည်။

KIA မှ ဖမ်းဆီးခေါ်ဆောင်သွားသော ရွာသားများမှာ တအာင်း၊ ကချင်၊ ဗမာ၊ တရုတ် လူမျိုးများဖြစ်ကြပြီး စုစုပေါင်း လူဦးရေမှာ ၂၇ ဦး ဖြစ်သည်။

ပြန်လွတ်လာသူ အမျိုးသားတစ်ဦးမှ “ သူတို့က ကျတော်တို့ကို ရေခပ်ခိုင်းတယ်၊ သန့်ရှင်းရေးလုပ်ခိုင်းတယ်၊ တချို့ကိုကျတော့ သင်တန်းတက်ခိုင်းတယ်၊ ဖုန်းတွေလည်း သိမ်းထားတယ်၊ ထွက်ပြေးရင် သေနတ်နဲ့ ပစ်မယ်လို့လည်း ပြောတယ်၊ ကျတော့်ကိုကျတော့ ညီအစ်ကို နှစ်ယောက်ပါနေလို့ဆိုပြီး ပြန်လွှတ်ပေးလိုက် တယ်” ဟု ပြောသည်။

၄င်း အလုပ်သမားများကို မန်ပိန်းကျေးရွာအုပ်စု၊ မန်ကောင်းကျေးရွာရှိ တရုတ်ကြံခင်းတွင် လာရောက် ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းဆီးခံရသူ ၂၇ ဦးအနက် ၇ဦး ပြန်လွတ်လာပြီး ၂၀ဦး ကျန်ရှိနေသေးကြောင်း သိရသည်။

0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *