ကျောက်မဲတွင် မှတ်ပုံတင်လာလုပ်သည့် မိန်းကလေးငယ်တစ်ဦးကို စကစ၏ ဖမ်းဆီးထိန်းသိမ်းထားခံရ၊ စစ်ခုရုံးမှတစ်ဆင့် ထောင်ဒဏ်တစ်သက်ချမှတ်ခံရ

ကျောက်မဲမြို့နယ် ၇ ရပ်ကွက် နယ်မြေ(၁)တွင် နေထိုင်သည့် အမျိုးသမီးငယ်တစ်ဦးကို အကြမ်းဖက်စစ်ကောင်စီမှ မတရားဖမ်းဆီးခံခဲ့ပြီး အကြမ်းဖက်ဥပဒေဖြင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံလိုက်ရသည် သိရသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့တွင် ကျောက်မဲမြို့  တရုတ်ဘုံကျောင်းတွင် ယာယီလုပ်ထားသည့်လူဝင်မှုကြီးကြပ်ရေးရုံးသို့ မှတ်ပုံတင်အသစ်လုပ်ရန် လျှောက်ထားစဉ် ဖမ်းဆီးခြင်းခံခဲ့ရသည်ဟု သိရသည်။

ဖမ်းဆီးခံရသူသည် အသက် ၂၀ နှစ်အရွယ် လွေးလှလှဌေး ဖြစ်ပြီး ညီမဖြစ်သူ လွေးအေးမြင့်နဲ့အတူ ဖမ်းဆီးခံခဲ့ရပြီးကျောက်မဲမြို့ အချုပ်ခန်းတွင် ၁၃ ရက်ကြာ ချုပ်ထားခံခဲ့ရပြီး  စက်တင်ဘာလ ၂၈ ရက်နေ့တွင် လွေးအေးမြင့်သည် ပြန်လွှတ်လာခဲ့သည်။

အမေဖြစ်သူ ဒေါ်မိုးလေးမှ “ တောင်ယာမှာသွားနေတဲ့ချိန် သူများပြောတာ မှတ်ပုံတင်လုပ်လို့ရပြီ ပြောလို့ ကျမတို့ သမီးနှစ်ယောက်သွားလုပ်ခိုင်းလိုက်တာ၊​ ပထမကြိမ် မွေးစာရင်းလိုတယ်ဆိုပြီး ပြန်လာတယ် နောက်တစ်ရက်ပြန်သွားတဲ့ချိန်ဖမ်းခံရတာ၊ ကျမတောင်မသိဘူး၊ စောင့်ကြည့်နေတာ ပြန်လဲမလာဘူးဆိုတော့ သွားစုံစမ်းတော့မှ သိရတာ၊ သူတို့ပြောတာခနလေးမေးစရာရှိတယ်ဆိုပြီး ခေါ်သွားတာပါတဲ့ အဲ့နောက်ပိုင်း တစ်ခါမှ သွားတွေ့လို့မရတော့ဘူး၊ ထမင်းဟင်းတော့ တစ်ရက်တစ်ခါ သွားပို့ပေးရတယ်။ နောက်တော့ သူတို့က စစ်ခုံရုံးမှာ အမိန့်ချလိုက်ပြီတဲ့ မန်းလေးထောင်ကို ပို့လိုက်ပြီတဲ့ ပြောတာ၊ အဲ့ဒါမှ ဘာအပြစ်ရှိလို့လဲ မေးတော့လဲ နင်တို့ပလောင်တွေ အကြမ်းဖက်သူပုန်တွေလုပ်လို့တဲ့၊ ထောင်ထဲရောက်ပြီး၁၅ ရက် နောက်ပိုင်း မှာ မန်းလေးမှာ လိုက်သွားပြီး စုံစမ်းတယ်၊ သူများပိုက်ဆံချေးပြီး မန်းလေးအထိ လိုက်သွားတာ၊ထောင်ဝင်စာနဲ့ သမီးကို တွေ့ခဲ့ရတာ၊ အခုထိတော့ သမီးကို ၂ ခါ သွားတွေ့ခဲ့တယ်၊ ပိုက်ဆံတွေ စားစရာတွေပို့ပေးတယ်၊ထောင်မှာနေတဲ့ ဝန်ထမ်းဦးလေးကြီးတစ်ယောက်က အရမ်းသဘောကောင်းလို့ သမီးနဲ့တွေ့ရအောင် သူကူညီပေးတာ၊ထောင်ပိုင်ကြီးကို တစ်ဆင့်စာပို့ပြီးမှ တွေ့ခွင့်ပြုတာ” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ၃ ရက် ဒီဇင်ဘာလတွင် စစ်ကောင်စီမှ လွေးလှလှဌေး၏ အမှုကို  ကျောက်မဲမြို့ စစ်ခုံရုံးတွင်အကြမ်းဖက်ဥပဒေ  ၅၀၅(က)/၅၀(ည) ပုဒ်မဖြင့် အမှုစီရင်ခဲ့ပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံလိုက်ရသည်ဟု လွေးလှလှဌေး မိခင်ထံမှ သိရသည်။​

လွေးလှလှဌေးသည် လွန်ခဲ့သည့် ၂၀၂၅ ခုနှစ်ကတည်းကပင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ပဲခူးလမ်း ၁၁ရပ်ကွက်ရှိ ရတနာသိင်္ဂီ ရွှေပလောင်စာသင်ကျောင်းတိုက်တွင် မယ်သီလရှင်ဝတ်ပြီး ၄ တန်း မှ ၁၁ တန်းကို ၂၀၂၄ ခုနှစ်အထိ ပညာသင်ကြားခဲ့ရသည်။  (၂၀၂၄ ခုနှစ် ၅ လပိုင်း မှ ရန်ကုန်ပြန်ရောက်လာတယ်) 

အတူတူဖမ်းဆီးခံရသူ လွေးအေးမြင့်မှ “ ကျားလေးတွေကို ရိုက်တယ် နှိပ်စက်တယ်, သံတုတ်တွေနဲ့ ရိုက်တယ်၊ ခွေးလိုမျိုးနှိပ်စက်တယ်၊ အစ်မက သေနတ်နဲ့ ခြိမ်းခြောက်ခံရတယ်။ သမီးက ရိုက်ခံရတယ်။ အစ်မတော့ ရိုက်မခံရဘူး။ သူတို့ပြောတာ နင်က စောက်စကားများတယ်၊ ရဲတစ်ယောက်က ညီမရဲ့ ပါး ၁ ခါ ရိုက်ခံခဲ့ရတယ်၊ စဖမ်းတဲ့အချိန် မျက်နှာအုပ်တယ်၊စစ်ဆေးတဲ့အချိန်လဲ တစ်တယောက်တစ်နေရာဆီ စစ်မေးတယ်၊​မင်းတို့စောက်ပလောင်တွေ ခွေးပလောင်တွေကို ငါတို့မကျေနပ်ဘူးတဲ့၊ ညီမက ဖမ်းခံရပြီးတော့ ၁၃ ရက်လောက်ဆို အချုပ်ထဲကနေ ညီမက ပြန်လွှတ်လာတယ်၊ အစ်မပဲ ကျန်ခဲ့တယ်” ဟု ဆက်ပြောပြသည်။

တောင်းဆိုချက် – ဘယ်အဖွဲ့အစည်းမှလဲ ဘာမှ လုပ်ပေးနိုင်လဲ . ဘယ်ချိန်မှလွတ်လာမလဲ၊ တစ်လ တစ်ခါသွားတွေ့လဲမလွယ်ဘူး၊ အခုဆန္ဒက သမ္မတအသစ်ပြောင်းသွားလဲ ကောင်းတယ်၊ ရွေးကောက်ပွဲမှာ မဲထည့်ချိန် ထောင်သားတွေက မဲထည့်ရတယ်၊ သူကမဲထည့်ရင် ထောင်ဒဏ်ဖြေလျှော့ပေးတယ်တဲ့၊ ဒါလဲမျှော်လင့်ချက်တစ်ခုပေါ့နော်၊ နောက်ပြီးတော့ထောင်ထဲမှာ အလုပ်ပှံမှန်လုပ်ရင် ထောင်ဒဏ် ရက်လျော့တယ်၊ သနားခံစာတင်ထားလဲ ဘာအဖြေမှ မထွက်လာဘူး၊ အခုထိအဖြေကို ပေါ်မလာသေးဘူး။ သူများလက်အောက်ဆိုတော့ ဘာမှလဲ လုပ်မရဘူးလေ။ အခုလဲ လက်လုပ်လက်စားပဲလုပ်စားနေရတယ်။ အိမ်လခတွေရောရှိသေးတယ်” ဟု ရင်ဖွင့်ပြောဆိုသည်။

0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *