မြန်မာ့တပ်မတော်မှ ရွာသားများအားညှဉ်းပမ်းနှိပ်စက်ပြီး အိမ်မီးရှို့ဖျက်ဆီး

အောက်တိုဘာလ ၂၄ ရက် ၂၀၁၇
အောက်တိုဘာလ ၂၁ ရက်နေ့ ၂၀၁၇ ခုနှစ်တွင် ဗိုလ်ကြီး ဦးဇော်ထိုက် ဦးဆောင်သော မြန်မာ့ တပ်မတော် တပ်မ (၇၇)မှ ပန်လုံးရွာသားများအား ဖမ်းဆီးရိုက်နှက်ပြီး ရွာဥက္ကဌကို စစ်ယူနီဖောင်း ဝတ်ပေးကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု သိရသည်။

မြန်မာ့တပ်မတော်သည်နံနက်၇နာရီဝန်းကျင်ခန့် မိုင်းငေါ့မြို့နယ်ခွဲ၊ကွမ်းစလန်းအုပ်စု ပန်လုံးကျေးရွာသို့ ရောက်လာချိန် ရွာထိပ်ဘောလုံးကွင်းတွင်တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်၏ လက်နက်ခဲယမ်းများ တွေ့ရှိသဖြင့် ဥက္ကဌနှင့်ရွာသားများကို စာသင်ကျောင်းသို့ခေါ်ယူ စစ်ဆေးကာ ညှဉ်းပမ်းနှိပ်စက်ခဲ့သည်။

ဒေသခံတစ်ဦးပြောပြသည်မှာ “ ဗမာစစ်သားတွေ ရွာထိပ်ဘောလုံးကွင်းမှာ တအာင်း စစ်သားတွေရဲ့ လက်နက်ပစ္စည်းတွေ တွေ့တော့ ဥက္ကဌနဲ့ ရွာသားတွေကို စာသင်ကျောင်းမှာ ခေါ်စစ်တယ်၊ အဝတ်တွေ ချွတ်ခိုင်းပြီး ရိုက်တယ်၊ ပြီးတော့ တစ်အိမ်ဝင် တစ်အိမ်ထွက် စစ်ဆေးတယ်၊ တံခါး ပိတ်ထားတဲ့အိမ်ဆို ရိုက်ခွဲပြီး ဝင်တယ်၊ ဆန်၊ဆီ၊ဆား၊ တန်ဖိုးကြီးတဲ့ ပစ္စည်းနှင့် ရွှေငွေတွေလည်း ယူသွားတယ်” ဟုပြောသည်။

မြန်မာ့တပ်မတော်မှ ပစ္စည်းများသိမ်းယူသည့်အပြင် အိမ်တစ်အိမ်ကိုလည်း မီးရှို့ခဲ့သည်။လက်နက်ကြီး (၈)လုံးကိုလည်း ကျေးရွာအတွင်းသို့ ပစ်ခတ်ခဲ့သည်။

ထို့အပြင် တပ်မ (၇၇)သည် အောက်တိုဘာလ ၂၃ ရက်နေ့တွင် ကျေးရွာ(၄)ရွာမှ ဥက္ကဌများကို ပန်လော့ ကျေးရွာသို့ ခေါ်ကာ ပန်လုံးကျေးရွာ ဘောလုံးကွင်း၌ တပ်စခန်းတည်ဆောက်ရန် တစ်ရွာလျှင်ဝါးလုံး (၆၀) ချောင်း ယူလာပေးရန် အမိန့်ထုတ်ထားသည်ဟု သိရသည်။

ယနေ့ အောက်တိုဘာလ ၂၄ရက် နေ့လည် (၁၂) နာရီချိန်တွင် ရွာသား(၅)ဦးကို ပေါ်တာအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး ကားတစ်စီးကိုလည်း ယူဆောင်သွားကြောင်း ထပ်မံသိရှိရသည်။

မှတ်တမ်းနှင့်သုတေသနဌာန
တအာင်းအမျိုးသမီး အဖွဲ့အစည်း

0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *