မြန်မာ့တပ်မတော် တပ်မ(၆၆)မှ ဖမ်းဆီးအကျဉ်းချထားသော ရွာသား (၇)ဦးအနက် တစ်ဦးသေဆုံး

အောက်တိုဘာလ ၂၇ရက် ၂၀၁၇ခုနှစ်
လားရှိုးအကျဉ်းထောင်တွင် ပုဒ်မ ၁၇(၁)ဖြင့် စွပ်စွဲခံထားရသော ကောင်းနိမ်ရွာသား (၇)နှစ်ဦးအနက် ဦးညီလာ (၃၈)နှစ်သည် အောက်တိုဘာ ၂၃ရက် ၂၀၁၇ခုနှစ်တွင် ရုတ်တရက်သေဆုံးသွားသည်။ ဦးညီလာသေဆုံးသည့် အပေါ် သာမန်သေဆုံးခြင်းမဟုတ်ဘဲ နှိပ်စက်ညှဉ်းပမ်းသည့် ဒဏ်ကြောင့်သေဆုံးသည်ဟု မိသားစုဝင်များက ယုံကြည်ကြသည်။

ဖြစ်စဉ်မှာ မတ်လ ၉ရက် ၂၀၁၆ခုနှစ်တွင် မူဆယ်ခရိုင် တာမိုးညဲမြို့နယ် နမ့်မောအုပ်စုကောင်းနိမ်ကျေးရွာအတွင်းသို့ တပ်ချနေသော တပ်မ (၆၆)မှ ၄င်းတို့၏ ရိက္ခာကုန်သဖြင့် ရွာဥက္ကဌထံ တာမိုးညဲသို့ ရိက္ခာသယ်ဆောင်ပေးရန် ရွာသားများအား စုဆောင်းစေသည်။ ထို့ကြောင့်ရွာသားခုနှစ်ဦးဖြစ်သော ဦးညီလာ၃၈နှစ် (သေ)၊ ဦးဆာအောင်ခိုက် (၃၀)နှစ် ၊ ဦးအိုက်ဖုန်း(၃၃) နှစ်၊ဦးမောင်ဆိုက် (၃၇)နှစ်၊ ဦးညီညွတ် (၄၁)နှစ် ၊ ဦးအိုက်ယုံ(၂၃) နှစ် နှင့် ဦးအိုက်ဆိုင် (၄၉) နှစ်တို့ကို ပေါ်တာအဖြစ် ထည့်ပေးလိုက်သည်။

ရွာဥက္ကဌထံတွင် ၁ရက်၂ရက်လောက်သာ ခေါ်မည်ဟု ပြောခဲ့သော်လည်း ၃ရက်အကြာ ရွာသားများ ပြန်မရောက်လာသဖြင့် ရွာဥက္ကဌနှင့် လူငယ်ခေါင်းဆောင်အချို့မှ မုံးစီးဗျူဟာမှုးထံ မေးမြန်းသော်လည်း ဘာသတင်းမှမကြားရဘဲ ပြန်လာခဲ့ရသည်။ မတ်လ၁၅ရက်နေ့ ၂၀၁၆ခုနှစ်တွင် တာမိုးညဲ (၂၉၀)တပ်သို့ ရောက်နေပြီဖြစ်ကြောင်း ကြားသိသည်။ ထိုကြောင့် တပ်မ(၆၆)တပ်မဟာမှုး ဗိုလ်ချုပ်ဇော်မင်းနှင့် တွေ့ဆုံကာ မေးမြန်းရာမှ ရွာသားများအား မသင်္ကာစရာရှိသောကြောင့် စစ်ဆေးမေးမြန်းပြီး ပြန်လွှတ်ပေးမည်ဟု ပြောခဲ့သော်လည်း လွှတ်မလာခဲ့ပေ။

ဧပြီလ ၄ရက် ၂၀၁၆ခုနှစ်တွင် တပ်မ(၆၆)သည် ဖမ်းဆီးထားသောရွာသား(၇)ဦးကို ကွတ်ခိုင်မြို့ ရဲစခန်းတွင် ပုဒ်မ ၁၇(၁)ဖြင့် မတရားအသင်းနှင့် ဆက်စပ်မှုရှိသည်ဟု စွပ်စွဲကာ အမှုဖွင့်ထားကြောင်းသိရှိခဲ့ရသည်။ ဧပြီလ ၅ရက်နေ့တွင် မုံးစီးစခန်းမှူး ဦးအောင်မြင်လှသည် မှုခင်းကိစ္စနှင့်ပတ်သက်၍ အဖြစ်အပျက်ကို ရွာလူကြီးရပ်မိရပ်ဖများထံ မေးမြန်းခဲ့သည်။ ရွာသား(၇)ဦးနှင့်တွေ့ဆုံခွင့်တောင်းသော်လည်း တွေ့ခွင့်မရသောကြောင့် မုံးစီးစခန်မှူးနှင့် ကွတ်ခိုင်ရှေ့နေ ဒေါ်နန်းညွှန့်ဌေးတို့ထံ အကူညီတောင်းကာ ရွာသားများလိုအပ်သည့် စားစရာကိုသာပေးပြီး ပြန်လာခဲ့ရသည်။ ထို့အပြင် ရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးညီညီအောင်နှင့် ဦးကျော်ဝင်းတို့ကိုလည်း ဧပြီ ၉ရက်နေ့တွင် ထပ်မံမေးမြန်းခဲ့သည်။

၁၇(၁)ဖြင့် အမှုဖွင့်ခံထားရသော ရွာသား(၇)ဦးကို တပ်မ(၆၆)မှ တာမိုးညဲ ခြေလျင်တပ်(၂၉၀)တပ်ထဲတွင် ၁လနီးပါးဖမ်းဆီးချုပ်နှောင်ပြီး ရိုက်နှက်စစ်ဆေးမှုပြုလုပ်ပြီး ကွတ်ခိုင်ရဲစခန်းသို့ လွှဲပြောင်းကာ ၁နှစ်နှင့် ၂လ ချုပ်နှောင်ထားပြီး ၄င်းအမှုဖွင့်ခံထားရသော ရွာသား (၇) ဦးကို ဇွန်လ ၂၀ရက် ၂၀၁၇ခုနှစ်တွင် တစ်ဦးလျှင်ထောင်ဒဏ်(၂)နစ်စီအမိန့်ချမှတ်ပြီး လားရှိုးအကျဉ်းထောင်သို့ လွှဲပြောင်းချုပ်နှောင်ထား လျက်ရှိသည်။

မှတ်တမ်းနှင့် သုတေသနဌာန
တအာင်းအမျိုးသမီးအဖွဲ့အစည်း

0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *