မိုင်းထိသည့် ဦးဇင်းတစ်ပါး ခွဲစိပ်ကုသမှုခံယူနေရ

ဖေဖော်ဝါရီ ၁၄၊၂၀၁၈

တအာင်းအမျိုးသမီးအဖွဲ့အစည်း
မှတ်တမ်းနှင့် သုတေသနဌာန

ဖေဖော်ဝါရီ ၁၀ရက်နေ့ မိုင်းငေါ့မြို့နယ်ခွဲ ခုမ်ငင်းတံတားအနီးတွင် မိုင်းပေါက်ကွဲမှုတစ်ခုဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဦးဇင်းဦးဥတ္တမသည် ကျောက်မဲပြည်သူ့ဆေးရုံတွင်ဆေးကုသရင်း ဖေဖော်ဝါရီလ ၁၃ရက်နေ့တွင် မန္တလေးဆေးရုံသို့ လွှဲပြောင်း၍ ဆေးကုသမှုခံနေရကြောင်း သိရသည်။

ပန်မုန်ဆရာတော်တစ်ပါး မိန့်ကြားချက်အရ ဦးဥတ္တမသည် မြို့တွင်သီတင်းသုံးပြီး မွေးရပ်ဌာနေ ကြက်သေရွာသို့ ပြန်ရာ ရွာသူရွာသားများကျောက်မဲနှင့် မိုင်းငေါ့တွင် စစ်ရှောင်နေကြောင်း သိသဖြင့် ရွာမှ ကျောက်မဲသို့ ကြွသွားခဲ့သည်။ နမ့်မန်းခုမ်ငင်းတံတားအနီးတွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားရာမှ ဦးဇင်း၏ ညာဘက်ခါးတွင် နှစ်နေရာနှင့် ညာပေါင်တို့တွင် ထိမှန်ခဲ့သည်။

“ ကျောက်မဲမှာ ဆေးကုသနေတာတော့ဟုတ်ပါတယ် မိုင်းစက နောက်ကျောမှာ တစ်နေရာပဲ ထုတ်သေးတယ်။ ကျောမှာ ၂နေရာထိတာကိုး ကျန်တဲ့ ကျောတစ်နေရာမှာ မိုင်းစတစ်ခု ပေါင်မှာတစ်ခု ကျန်နေတယ်။ ကျောက်မဲဆေးရုံမှာ ခွဲစိပ်ကိရိယာမစုံဘူးဆိုတော့ မန္တလေးကို လွှဲလိုက်တာ”ဟု ဦးဇင်း ဦးဥတ္တမမှ မိန့်ကြားသည်။

မိုင်းငေါ့ဒေသတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီအဖွဲ့ လှုပ်ရှားနေသည့်နေရာဖြစ်ရာ မိုင်းပေါက်ကွဲမှု ဖြစ်ပွားသည်နှင့် RCSS/SSA တပ်သားများ ရောက်လာပြီး ထိခိုက်ဒဏ်ရာရသည့် ဦးဇင်းအား ၄င်းတို့အခြေချသည့် စခန်းသို့ ခေါ်ဆောင်ကာ ဆေးကုပေးခဲ့သည်ဟု ဦးဇင်းဦးဥတ္တမထံမှ သိရသည်။

ဖေဖော်ဝါရီလ ၁၁ရက် နေ့လည်တွင် ရဟန်းသံဃာတော်အဖွဲ့နှင့် ကားဆရာများမှ ဦးဇင်းရှိရာသို့ သွားရောက်ပင့်ဆောင်ကာ ကျောက်မဲဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ ဖေဖော်ဝါရီလ ၁၃ရက်နေ့တွင် ကျန်ရှိနေသေးသော မိုင်းစကို ခွဲစိပ်ရန်မန္တလေးဆေးရုံသို့ လွှဲလိုက်ကြောင်း သိရသည်။

0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *