ရွာသားတစ်ဦး မီးသွေးကျင်းအနီး သတ်ခံရပြီး ပွဲချင်းသေဆုံး

သြဂုတ်လ ၆ ရက် ၂၀၁၇ ခုနှစ်
သြဂုတ်လ ၅ ရက်နေ့ ၂၀၁၇ ခုနှစ် နေ့လည်ခင်းတွင် မြန်မာ့တပ်မတော်မှ မီးသွေးဖုတ်နေသော ရွာသား တစ်ဦးအား အကြောင်ပြချက် မရှိဘဲ ပစ်သတ်ခဲ့သည်ဟု သတင်းရရှိသည်။

ကွတ်ခိုင်မြို့နယ် ဂျုံနန်းကျေးရွာတွင် နေထိုင်သော အသက် (၂၉) နှစ်ခန့်ရှိ မိုင်းညီယုံသည် ကျေးရွာနှင့် ၂ မိုင် အကွာခန့်တွင် မီးသွေးဖုတ်ပြီး အိမ်ပြန်ရန် ဇနီးဖြစ်သူအား လှမ်းခေါ်နေစဉ် မြန်မာ့တပ်မတော်မှ ရောက်လာကာ အကြောင်းပြချက် တစ်စုံတစ်ရာမျှ မပေးဘဲ သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်သတ်ခဲ့သည်။

ဒေသခံတစ်ဦးပြောချက်အရ “ ညီယုံတို့ လင်မယားက မီးသွေးဖုတ်နေတယ်၊ မော်ဆောင်းဘက်မှာ ရှုပ်နေတယ် ဆိုတော့ အိမ်ပြန်ဖို့ သူ့မိန်းမကို လှမ်းခေါ်နေတဲ့ချိန် ဗမာစစ်သားတွေ ရောက်လာပြီး သေနတ်နဲ့ ပစ်သတ် လိုက်တယ်၊ အချက် (၂၀) ကျော်လောက် ပစ်ခံရတယ်၊ သူ့မိန်းမလည်း ကြောက်လန့်ပြီး ရွာက လူတွေကို လာပြောတယ်၊ ရွာကလူတွေ သူ့အလောင်းကို မနေ့ကတည်းက ရှင်းလိုက်ပြီ” ဟုပြောသည်။

ဒေါ်အီသည် မိုင်းညီယုံ သတ်ခံရသည့် အချိန်တွင် မီးသွေးကျင်း၏ အခြားနေရာတွင် ရောက်ရှိ နေသောကြောင့် မြန်မာ့တပ်မတော်မှ မိုင်းညီယုံအား မည်သည့်အကြောင်းတွေကို မေးမြန်းပြီး သတ်ပစ်သည်ကို မသိရကြောင်း၊ သေနတ်သံသာ ကြားရကြောင်း ပြောသည်။

မိုင်းညီယုံသည် ဝမ်းဗိုက်တွင် ဒဏ်ရာများစွာ ရရှိပြီး မီးသွေးဖိုအနီးတွင်သာ ပွဲချင်း သေဆုံးခဲ့သည်။ ထို့အပြင် မိုင်းညီယုံသည် သာမာန်အရပ်သားတစ်ဦးဖြစ်ပြီး မီးသွေးလုပ်စားသူဖြစ်သည်ဟု ဒေသခံတစ်ဦးမှ ဆက်ပြော သည်။

၄င်းမြန်မာ့တပ်မတော်တို့သည် မော်ဆောင်းကျေးရွာတွင် တိုက်ပွဲဖြစ်နေသည့် တပ်မ (၈၈) အတွက် လုံခြုံရေး တာဝန်ယူနေသည့် အခြား တပ်ရင်း ဖြစ်သည်ဟု ဒေသခံများမှ ပြောသည်။

မှတ်တမ်းနှင့် သုတေသနဌာန
တအာင်းအမျိုးသမီး အဖွဲ့အစည်း

0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *