တိုက်ပွဲ ဖြစ်ပွားမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး

သြဂုတ်လ ၆ ရက် ၂၀၁၇ ခုနှစ်
သြဂုတ်လ ၅ ရက် ၂၀၁၇ ခုနှစ် နေ့လည် ၁၂ နာရီခန့်တွင် မြန်မာ့တပ်မတော်နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့ မော်ဆောင်းကျေးရွာအထက်တွင် အပြန်အလှန် တိုက်ပွဲဖြစ်ပွားမှုကြောင့် အသက် (၃၇) နှစ်အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိကာ သေဆုံးသည်ဟု သိရသည်။

တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA မှ ကွတ်ခိုင်မြို့နယ် မော်ဆောင်းကျေးရွာမှ ထွက်လာစဉ် မြန်မာ့တပ်မတော် တပ်မ (၈၈) မှ နမ့်ခမ်းဘက်မှာ တက်လာပြီး ထိပ်တိုက်တွေ့ဆုံကာ အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့သည်။

ဒေသခံတစ်ဦးပြောချက်အရ “ အစတုန်းက TNLA တွေ ရွာထဲရှိနေတယ်၊ ဗမာစစ်သားတွေက နမ့်ခမ်း ဘက်ကနေ တက်လာတော့ ပလောင်စစ်သားတွေက ရွာကနေ ထွက်သွားလိုက်တယ်၊ ရွာအထက်နား ရောက်တာနဲ့ တိုက်ပွဲစဖြစ်တယ်၊ လက်နက်ကြီးတစ်လုံးက အိမ်ရှေ့မှာ ရှိတဲ့ သစ်ပင်ထိပြီး ကျည်စတွေက ဒေါ်အမ်စိန်ကို လာထိတယ်၊ ဝမ်းဗိုက်မှာ ဒဏ်ရာရပြီး သိပ်မကြာဘူး သေဆုံးသွားတယ်” ဟုပြောသည်။

ထို့အပြင် တိုက်ပွဲ ဖြစ်ပွားပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ၄င်းအမျိုးသမီး သေဆုံးသည့်အပြင် ကလေး (၂) ဦးတွင်လည်း ထိရှသည့် ဒဏ်ရာရရှိကာ အိမ် (၂-၃) လုံးထိခိုက်ပျက်ဆီးသည်ဟု သိရသည်။

မှတ်တမ်းနှင့်သုတေသနဌာန
တအာင်းအမျိုးသမီး အဖွဲ့အစည်း