တိုက်ပွဲအတွင်း လက်နက်ကြီးကျရောက်ခြင်းကြောင့် ဒေသခံ ၄ ဦး ဒဏ်ရာရ

သြဂုတ်လ၊ ၁၃ရက်၊ ၂၀၁၇ခုနှစ်
ယနေ့နံနက် ၅:၃၀အချိန်တွင် မြန်မာ့တပ်မတော်တပ်မ(၈၈) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားရာ စခန်းသစ်ကုန်းမှ မြန်မာ့တပ်မတော်တပ်ဖွဲ့သည် လက်နက်ကြီးများပစ်ကူသဖြင့် ကောင်းဝိုင်းကျေးရွာတွင်းသို့ လက်နက်ကြီးကျရောက်ကာ ဒေသခံ ၄ ဦးထိခိုက် ဒဏ်ရာရပြီး နမ့်ခမ်းပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေရသည်ဟု သိရသည်။

ရွာသူရွာသားများသည် တိုက်ပွဲအတွင်း မိမိတို့အိမ်တွင်သာ နေထိုင်ကြသော်လည်း ရွာအတွင်းသို့ လက်နက်ကြီးပေါက်ကွဲခြင်းကြောင့် မိသားစုတစ်စုထဲမှ မိသားစုဝင် ၃ဦးနှင့် အိမ်နီးနားချင်း ၁ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။ ဒဏ်ရာရရှိသူများမှာ မိုင်းအောင်သိန်း ရင်ဘတ်ထိမှန်ဒဏ်ရာ၊ ဦးယိုင်တင် ဘယ်ခြေမျက်စိဒဏ်ရာ၊ ဒေါ်ခမ်းမိုင် ကျောဒဏ်ရာနှင့် လွေးစန်းစန်းမိုး (၂နှစ်ခွဲ) ခြေထောက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာရသူများအား အကူညီပေးသူတစ်ဦးဖြစ်သူ တအာင်းစာပေနှင့် ယဉ်ကျေးမှု ဥက္ကဌ ဦးမြင့်ကျော် ပြောပြသည်မှာ “ရပ်ရွာမှာ ငြိမ်းချမ်းချင်တယ် အခုလို တိုက်ပွဲတွေ ထပ်ဖြစ်နေရင် ရပ်ရွာပြည်သူတွေ ထိခိုက်ဒဏ်ရာရမယ်၊ ရပ်ရွာထိတယ် အိုးအိမ်တွေလဲ ပျက်စီးဆုံးရှုံးမယ် ဒါတွေ ထပ်မဖြစ်ချင်တော့ဘူး။ မလွဲသာလို့ တိုက်ပွဲဖြစ်ရင်တောင် ရွာပြင်မှာပဲတိုက်စေချင်တယ်”ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်းသို့ ပြောသည်။

လက်နက်ကြီးများကျခြင်းကြောင့် ဒေသခံ (၄)ဦး ထိခိုက်ဒဏ်ရာရသည့်အပြင် ဒေသခံများ၏ အိုးအိမ်များလည်း ပျက်စီးသည်ဟု သိရသည်။ တိုက်ပွဲဖြစ်ပွားပြီးနောက် မြန်မာ့တပ်မတော် တပ်မ (၈၈)သည် ကောင်းဝိုင်းရွာတွင် သွားလာလှုပ်ရှားလျက်ရှိနေသည်ဟုသိရသည်။

ယခင်ကလည်း နမ့်ခမ်းမြို့ ကောင်းဝိုင်းရွာတွင် တိုက်ပွဲ ၂ကြိမ် ဖြစ်ပွားခဲ့ဖူးသည်ဟု ထပ်မံသိရသည်။

မှတ်တမ်းနှင့်သုတေသနဌာန
တအာင်းအမျိုးသမီးအဖွဲ့အစည်း

0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *