တိုက်ပွဲကြောင့် စစ်ရှောင် ဒုက္ခသည် ရာချီ ထွက်ပြေးတိမ်းရှောင်

သြဂုတ်လ ၉ ရက်၂၀၁၇ ခုနှစ်
သြဂုတ်လ ၈ ရက်နေ့ ၂၀၁၇ ခုနှစ်တွင် မြန်မာ့တပ်မတော်နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်တို့ အပြန်အလှန်တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံပြည်သူမှ ကြောက်ရွံ့ကာ ဒီမနက်ချိန်ထိ နမ္မတူမြို့သို့ ထွက်ပြေးတိမ်းရှောင်လာနေဆဲဟု သိရသည်။

နမ့်ဆန်မြို့နယ် ခေးခင်အုပ်စု အောက်မန်ဝဲရွာကြားတွင် အပြန်အလှန်တိုက်ပွဲ ဖြစ်ပွားမှုကြောင့် အောက်မန်ဝဲနှင့် အထက်မန်ဝဲရွာရှိ ဒေသခံ (၂၀ဝ) ကျော်မှ ထွက်ပြေးတိမ်းရှောင်ကာ နမ္မတူမြို့ ဗုဗ္ဗာရုံကျောင်းသို့ လာရောက် ခိုလုံနေသည်။

စစ်ရှောင်တွေကူညီပေးသည့် ဒေသခံတစ်ဦးမှ “ လောလောဆယ် ဘုန်းကြီးကျောင်းပေါ် (၂၀ဝ) ကျော်လောက် ရောက်နေပြီ၊ စာရင်း အတိအကျတော့ မပြုစုနိုင်သေးဘူး၊ တချို့သူတွေ မနေ့ညကတည်းက ရောက်လာတယ်၊ တချို့သူတွေ ဒီမနက်မှ ရောက်လာတယ်၊ တချို့လည်း လမ်းမှာရှိနေတုန်း ” ဟုပြောသည်။

၄င်းစစ်ရှောင်ဒုက္ခသည်များတွင် ကလေးနှင့် အမျိုးသမီး အများစုဖြစ်ပြီး အစားအသောက်၊ စောင်-အိပ်ယာခင်းနှင့် အဝတ်အစား လိုအပ်နေပြီး လောလောဆယ်တွင် နမ္မတူမြို့ရှှိိ တအာင်း(ပလောင်) အမျိုးသားပါတီ၊ စာပေနှင့် ယဉ်ကျေးမှု၊ တအာင်းလူငယ်အဖွဲ့တို့မှ တာဝန်ယူပြီး ကူညီပေးနေသော်လည်း ရေရှည်အတွက် အခက်ခဲ ရှိနိုင်သည်ဟု သိရသည်။

“ လောလောဆယ် စားသောက်ဖို့အတွက် အရင်တခေါက် ဒုက္ခသည်ရဲ့ လက်ကျန်က ဆန်တွေနဲ့ဘဲ ချက်ကျွေးတယ်၊ တခြားလာရောက်ကူညီပေးတဲ့ အဖွဲ့မရှိသေးဘူး၊ အများစုက ကလေးနဲ့ အမျိုးသမီးတွေ ဖြစ်ပြီး စောင်တွေ အိပ်ယာခင်း တွေတော့ လိုအပ်တယ်၊ ထွက်ပြေးလာတယ်ဆိုတော့ ဘာမှ ပါမလာဘူး” ဟု ၄င်းဒေသခံမှ ဆက်ပြောသည်။

နမ့်ဆန်မြို့ နယ် ခေခင်းအုပ်စုအတွင်း စစ်ကြောင်းများစွာရှိနေသည့်အတွက် တိုက်ပွဲ အခြေအနေ ပိုဆိုးလာနိုင်ချေရှိပြီး စစ်ရှောင်ဒုက္ခသည်များ နေရပ်သို့ ပြန်သွားနိုင်ရန် အခက်ခဲရှိသည်ဟု သိရသည်။

သြဂုတ်လ ၈ ရက်နေ့ တစ်ရက်တည်းတွင် မြန်မာ့တပ်မတော် တပ်မ (၇၇)နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တပ်ရင်း (၉၁၉-၃၄၃)တို့ နမ့်ဆန်မြို့ နယ်အတွင်း တိုက်ပွဲ (၃) ကြိမ် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

မှတ်တမ်းနှင့်သုတေသနဌာန
တအာင်းအမျိုးသမီး အဖွဲ့အစည်း

0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *