တိုက်ပွဲ ဖြစ်ပွားပြီးနောက် အိမ်တိုင်း စစ်ဆေးမေးမြန်းခံရ

သြဂုတ်လ ၈ ရက် ၂၀၁၇ ခုနှစ်

သြဂုတ်လ ၄ ရက်နေ့ ၂၀၁၇ ခုနှစ်တွင် ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့အတွင်း တိုက်ပွဲ ဖြစ်ပွားပြီးနောက် မြန်မာ့ တပ်မတော်မှ ရပ်ကွက်နှင့် ကျေးရွာများ၏ အိမ်ထောင်စုနှင့် လူဦးရေ စာရင်းများကို ယနေ့ချိန်ထိ တစ်အိမ်ဝင် တစ်အိမ်ထွက် ဝင်ရောက် စစ်ဆေးမေးမြန်းမှု ပြုလုပ်နေသည်ဟု သိရသည်။

ဒေသခံတစ်ဦးပြောချက်အရ “ ၄ ရက်နေ့တုန်းက တိုက်ပွဲဖြစ်ပြီးတဲ့ ချိန်မှ စပြီး ယခုချိန်ထိ ဗမာစစ်သားတွေ တစ်အိမ်ဝင် တစ်အိမ်ထွက်ပြီး အိမ်ထောင်စုနဲ့ လူဦးရေ စာရင်းတွေကို စစ်ဆေးနေတယ်၊ အိမ်ထောင်စုထဲမှာ နာမည်တွေ့ပြီး လူမတွေ့ရင် ဘယ်သွားတာလဲ၊ ဘာလုပ်တာလဲ စသဖြင့် မေးမြန်းနေတယ်၊ ပြီးတော့ မိသားစုဝင် အားလုံးရဲ့ ဓာတ်ပုံတွေကိုလည်း ရိုက်သွားတယ်” ဟုပြောသည်။

၎င်းမြန်မာ့တပ်မတော်တို့သည် ရိုက်နှက် ခြိမ်းခြောက်မှု မရှိသော်လည်း သိပ်ပြီး မင်္သကာသည့်အိမ်ဆိုရင် စစ်ဆေးမေးမြန်းမှု ပြုလုပ်ပြီး အိမ်ထောင်စု စာရင်း အပြင် မိသားစုဝင်၏ ဓာတ်ပုံတွေကိုလည်း ရိုက်ထားသည်။

“ စစ်ဆေးပြီးတဲ့ ရွာတွေက မန်ကန်၊ မန်တောက်နဲ့ မန်တုံမြို့ရှိ ရပ်ကွက်တွေ ဖြစ်တယ်၊ အိမ်တိုင်းနီးပါး စစ်ဆေးခံရတယ်၊ တချို့အိမ်တော့ ကျော်သွားတယ်၊ သူတို့ သိပ်မင်္သကာတဲ့အိမ်တွေ ပိုပြီး စစ်ဆေးနေတယ်၊ ဒီနေ့တော့ မန်ကန်ရွာဘက်မှာ စစ်ဆေး မယ်လို့ သိရတယ်၊ ကျော်ခဲ့တဲ့ အိမ်တွေလည်း ပြန်စစ်ဆေးမယ်လို့ သိရတယ်” ဟု နောက်ထပ် ဒေသခံတစ်ဦးမှ ထပ်မံပြောသည်။

ထို့အပြင် မန်တုံမြို့အတွင်းသို့ ဝင်လာသူမှန်သမျှ ပြန်ထွက်ခွင့်မရဘဲ မြို့ထဲတွင်သာ ပိတ်ခံရပြီး မန်တုံ-နမ္မတူ-လားရှိုး ကားလမ်းကိုလည်း ပိတ်ပင်ထားဆဲဟု သိရသည်။

မှတ်တမ်းနှင့်သုတေသနဌာန
တအာင်းအမျိုးသမီး အဖွဲ့အစည်း

0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *