ကျောက်မဲမြို့လယ်ခေါင် လူစည်ကားသည့်နေရာတွင် ဗုံးကြဲတိုက်ခိုက်ခံရပြီး ပြည်သူ ၄ ဦးသေဆုံး၊ ၄ ဦး ဒဏ်ရာရ
၂၄ ရက် ဇွန်လ ၂၀၂၅ ခုနှစ်
ယနေ့ ဇွန်လ ၂၄ ရက်နေ့ ညနေပိုင်း ၅ နာရီအချိန်ခန့်တွင် ကျောက်မဲမြို့လယ် ရပ်ကွက် ၃ ရှိ ဗလီကျောင်းနှင့် ရပ်ကွက် ၄ ရှိ စံပြထမင်းဆိုင်အနီးတွင် အကြမ်းဖက်စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟု သတင်းရရှိသည်။
အဆိုပါ လေကြောင်း တိုက်ခိုက်မှုကြောင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)က ထိခိုက်ဒဏ်ရာရသည့် အမျိုးသား ၂ ဦး နဲ့ အမျိုးသမီး ၂ ဦး သေဆုံးပြီး ပြည်သူ ၄ ဦး ထပ်မံထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အရပ်သားနေအိမ် ၁၀ လုံးကျော်အထိ ထိခိုက်ပျက်စီးခဲ့သည်ဟု ထုတ်ပြန်ထားပါသည်။
ကျောက်မဲမြို့ခံ အမျိုးသားတစ်ဦးပြောပြသည်မှာ “ အခုလောလောဆယ် ဗုံးကြဲတဲ့နေရာ လက်နက်ကြီးတဲ့နေရာ ကြိုးဝိုင်းတားထားတာ ဝင်ခွင့်မပေးဘူး၊ ဗလီနဲ့နီးတဲ့နေရာနားလေးမှာ ပြည်သူလူထုအိမ်မှာ ဘယ်အဖွဲ့မှနေတဲ့နေရာမဟုတ်ဘူး၊ တကယ့်မြို့ခလယ်ခေါင်တည့်တည့်မှာ ရပ်ကွက် ၃ မှာ၊ တစ်ချို့က လူ ၁ ယောက်သေတယ် တစ်ချို့က ၄-၅ယောက်သေတယ် အတည်ပြုလို့မရသေးဘူး၊ စံပြထမင်းဆိုင်နားမှာလည်း ပြည်သူလူထုအိမ်ပဲ စံပြအိမ်ပေါ်တည့်တည့်ကျလားမသိရဘူး သူတို့လဲပေးမကြည့်ဘူး “ ဟု ပြောသည်။
ကျောက်မဲမြို့ပေါ်တွင် တိုက်ပွဲဖြစ်ပွားမှုမရှိပဲ စစ်ကောင်စီသည် လေကြောင်းဖြင့် တိုက်ခိုက်မှုအကြိမ်ရေ ၈ ကြိမ်မြောက်ရှိခဲ့ပြီးဖြစ်သည်။ လွန်ခဲ့သည့် ဇန်နဝါရီလ ၁၃ ရက်နေ့ မြို့ပြင်တိုးဂိတ်အနီးတွင် လည်းကောင်း၊ ၂၅ ရက်နေ့တွင်လည်း ကျောက်မဲမြို့ပြည်သူ့ဆေးရုံကို ဂျက်ဖိုက်တာဖြင့် ဦးတည်တိုက်ခိုက်ခဲ့ပြီး ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်း ၂ ဦး သေဆုံးခဲ့သည်။
ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ကျောက်မဲမြို့ ရပ်ကွက် ၂ ရှိ ပြည်သူနေအိမ်တွင် ဗုံးကြဲခြင်းကြောင့် အမျိုးသား ၁ ဦး သေဆုံးပြီး အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိသည့်အပြင် အရပ်သားနေအိမ်များ ထိခိုက်ပျက်စီးမှု ရှိခဲ့သည်။
ကျောက်မဲမြို့ကို ပြီးခဲ့သည့် မတ်လတွင် ၁ ကြိမ် နှင့် မေလအတွင်းတွင် ၂ ကြိမ် အကြမ်းဖက်စစ်ကောင်စီက ၂ ကြိမ်ဗုံးကြဲခဲ့သည်။
လွန်ခဲ့သည့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့ ညနေပိုင်း ၆နာရီခန့်တွင်လည်း အင်ကြင်းတောင်ရပ်ကွက်တွင် အကြမ်းဖက်စစ်ကောင်စီမှ ဗုံးကြဲခြင်းကြောင့် အရပ်သား ၇ ဦး သေဆုံးပြီး ၁၄ ဦးသည် အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် (၁၇) ကျော် ထိခိုက်ပျက်စီးခဲ့သည်။
သတင်းဓာတ်ပုံ – ဒေသခံ
#ကျောက်မဲမြို့ #စကစမှဗုံးကြဲ #သေဆုံးမှုရှိ #နေအိမ် #ဗလီကျောင်း #လေကြောင်းဗုံးကြဲ
ထိခိုက်ဒဏ်ရာရသူများ
- ဒေါ်ခင်ရီ ၆၀ နှစ် (ရပ်ကွက် ၃ )
- မဖြိုးဝေဝေကျော် ၃၃ နှစ် (ရပ်ကွက် ၃ )
- မရွှန်းလဲ့ရည် ၁၇ နှစ် (ရပ်ကွက် ၇ )
- ဒေါ်လှလှယဉ် ၅၂ နှစ် (ရပ်ကွက် ၇ )
- ဦးလှဌေး ၆၂ နှစ် (ရပ်ကွက် ၇ )
- မအေးချမ်းမိုး ၂၅ နှစ် (ရပ်ကွက် ၇ )
- မချောစုဟန် ၂၁ နှစ် (ရပ်ကွက် ၇ )
- ကိုအောင်ထွန်း ၆၂ နှစ် (ရပ်ကွက် ၇ )
- မောင်ကျော်ဇော်ဟိန်း ၁၉ နှစ် (ရပ်ကွက် ၇ )
သေဆုံးသူ
- ဒေါ်လှသိန်း ၅၅ နှစ် (ရပ်ကွက် ၇ )
- ဒေါ်လှလှထွေး ၅၃ နှစ် (ရပ်ကွက် ၇ )
- ကိုသီဟနိုင် ၂၂ နှစ် (ရပ်ကွက် ၇ )
- ဒေါ်လှရီ ၆၀ နှစ် (ရပ်ကွက် ၇ )