နောင်ချိုတွင် လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် ၈ လုံးအထက်မနည်း ထိခိုက်ပျက်စီးခဲ့

ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်နေ့ ည ၁၀ နာရီ မိနစ် ၂၀ အချိန် နောင်ချို့မြို့ မီးသတ်ရုံးအနီးရပ်ကွက်တွင် အကြမ်းဖက်စစ်ကောင်စီက ဂျက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးကြဲခဲ့သောကြောင့် နောင်ချိုမီးသတ်ရုံးအပါအဝင် အရပ်သားနေအိမ် ၈ လုံးထက်မနည်း ပျက်စီးခဲ့သည်ဟု စုံစမ်းသိရှိရသည်။

နောင်ချို့မြို့တွင် အရှေ့တန်းရောက်နေသူတစ်ဦးက “လေကြောင်းနဲ့ဗုံးလာကြဲချသွားတာ၊ ပေါင် ၅၀၀ နဲ့ ချသွားတာ၊ အဲ့နေ့တုန်းက ကျနော်အဲ့ရပ်ကွက်မှာမရှိခဲ့ဘူး၊ အခြားနေရာမှာ ရောက်နေတယ် နောက်တစ်နေ့မှ အဲ့ဒီမှာသွားကြည့်တာပေါ့၊ အဲ့မှာက မီးသတ်ရုံးဘေးအနီးအနားတစ်ဝိုက်က အိမ်တွေတော့ အကုန်ပျက်စီးသွားတယ် ပုံထဲကမြင်တဲ့အတိုင်းပဲ ရစရာမရှိတော့ဘူး၊ တစ်ချို့အိမ်တွေကတော့ နံရံတို့ ထိတယ်၊ ပြီးကျတော့ ခေါင်မိုးတို့အကုန်ပွင့်ထွက်သွားတယ် ” သည်ဟု ပြောသည်။

အကြမ်းဖက်စစ်ကောင်စီမှ ဗုံးကြဲချခဲ့သည့်အချိန်တွင် ပြည်သူများ ဘေးလွတ်ရာသို့ ကြိုတင်တိမ်းရှောင် နေကြတာကြောင့် ထိခိုက်ဒဏ်ရာရသူမရှိဘူးဟုလည်း ၎င်းမှ တအာင်းအမျိုးအဖွဲ့အစည်းကို ပြောသည်။

သို့သော် ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်နေ့ ညနေပိုင်းတွင် နောင်ချိုမြို့မရပ်ကွက်(၄) တွင် နေထိုင်သည့် အသက် (၂၃) နှစ်အရွယ် မချယ်ရီထိန် နှင့် အသက် (၁၆) နှစ်အရွယ် ထက်ရီဝင်းတို့ ၂ ဦး သေနတ်ဒဏ်ရာဖြင့် ပစ်သတ်ခြင်းခံခဲ့ရသည်။ ထို့အတူ ၂၅ ရက်နေ့ညနေပိုင်းအချိန်မှာ အသက် (၂၇) နှစ်အရွယ် မောင်ကျော်နန္ဒဦးသည်လည်း ခြေတစ်ဖက်တွင် လက်နက်ကြီးကျည်အစ များထိမှန်ဒဏ်ရာရခဲ့သည်။

နောင်ချိုမြို့ကို ပြီးခဲ့သည့် ဇွန်လ ၂၅ည ရက်နေ့မှ ယနေ့အချိန်ထိ တအာင်းတပ်မတော် (TNLA) ၊ MDY PDF ပူးပေါင်းတပ်တို့နှင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တို့အကြား အပြန်အလှန်တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး နောင်ချို ဘန့်ဘွေးကျေးရွာအကျော် လမ်းမကြီးကို စစ်ကောင်စီမှ တူးဖော်ဖျက်ဆီးထားသည်ဟု ၎င်းမှ ဆက်ပြောသည်။

ဓါတ်ပုံ – နောင်ချို့မြို့အရှေ့တန်းရောက်နေသူတစ်ဦး

#တအာင်းအမျိုးသမီးအဖွဲ့အစည်း

#နောင်ချိုမြို့ #တိုက်ပွဲ #လေယာဉ်ဗုံးကြဲချ #အရပ်သားနေအိမ်ပျက်စီး #ရှမ်းမြောက်