ကျောက်မဲ ဟိုတယ်တစ်ခုတွင် စစ်ကောင်စီမှ လေယာဉ်ဗုံးကြဲတာကြောင့် မီးလောင်မှုဖြစ်ပွား၊ အသက် ၁၀ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးခဲ့
၁ ရက်နေ့ ဇူလိုင်လ ၂၀၂၄ ခုနှစ်
မနေ့ည ၁၁ နာရီခွဲချိန် ကျောက်မဲမြို့ အမှတ်(၁)ပင်ပေါလေးရပ်ကွက်အတွင်း အကြမ်းဖက်စစ်ကောင်စီမှ ဂျက်လေယာဉ်ဖြင့် ဗုံးလာကြဲခြင်းကြောင့် အသက်(၁၀) နှစ်ကျော် ကလေးငယ် ၁ ဦး သေဆုံးခဲ့သည်ဟု စုံစမ်းသိရှိရသည်။
အဆိုပါ ဂျက်လေယာဉ်ဗုံးကြဲခဲ့တာကြောင့် အမှတ်(၁) ပင်ပေါလေးရပ်ကွက် ပင်လုံလမ်းမပေါ်ရှိ ဝမ်းလပ်ဟိုတယ်နှင့် ဧရာမန်းကားဂိတ်ပိုင်ရှင်နေအိမ် မီးလောင်ပြာကျခဲ့ပြီး ကလေးတစ်ဦးသေးဆုံးပြီး အမျိုးသမီး တစ်ဦးလဲ ကျည်အစများထိရှကာဒဏ်ရာရခဲ့သည်။
အမည်မဖော်လိုသည့် မြို့ခံတစ်ဦးမှ “ကလေးတစ်ယောက်ဆုံးသွားတယ်၊ အဲ့ကလေးကယောကျာ်းလေး၊ နောက်ထပ်အမျိုးသမီးက တစ်ဦးကဒဏ်ရာရတယ်၊ ကျနော်ကိုယ်တိုင် မနက်ရောက်တော့သွားကြည့်ခဲ့တယ်၊ သွားကြည့်တဲ့ချိန်တော့ အလောင်းရှင်းသွားခဲ့ပြီ၊ ဟိုတယ်က အာစီတိုက် (၂)လုံးရယ် ဟိုတယ်ဘေးက ဧရာမန်းကားဂိတ်က တိုက်အိမ်ရယ် လုံးဝပြာကျသွားတာ၊ ဟိုတယ်နောက်က အိမ်တွေတော့ အမိုးတွေပွင့်ထွက်သွားတယ် လူထိဘာညာတော့မရှိဘူး”ဟု ပြောသည်။
အဲ့ဒီအပြင် ယနေ့မနက်ပိုင်း ၉ နာရီအချိန်တွင် အ.ထ.က အမှတ် (၂) ကျောင်းရှေ့ရှိ ချမ်းမြေ့ကြွယ်ပန့်ဆီဆိုင်၏ နေအိမ်တွင်လည်း လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲတာကြောင့် မီးလောင်ပြာကျသွားခဲ့သည်ဟု ထပ်မံသိရသည်။
ကျောက်မဲမြို့တွင် ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့ကတည်းက တအာင်းတပ်မတော် (TNLA)နှင့် အကြမ်းဖက် စစ်ကောင်စီတို့အကြား စတင်တိုက်ပွဲဖြစ်ပွားရာမှာ ယနေ့အထိ တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ လက်လှမ်းမှီ ကောက်ယူထားသည့်စာရင်းအရ အရပ်သား သေဆုံးသူ (၁၅) ဦး နှင့် ထိခိုက်ဒဏ်ရာရသူ (၁၈) ဦး ရှိခဲ့သည်။
ဓါတ်ပုံ – ဒေသခံ
#တအာင်းအမျိုးသမီးအဖွဲ့အစည်း
#သေဆုံး #ဒဏ်ရာရ #နေအိမ်မီးလောင် #onelovehotel #တိုက်ပွဲ #ဂျက်လေယာဉ် #ကျောက်မဲ