ကျောက်မဲမြို့တွင် လက်နက်ကြီးကြောင့်  ထိခိုက်သေဆုံးသူဦးရေ ပိုများလာ

ပြီးခဲ့သည့် ၂၈ ရက်နေ့ ညနေပိုင်း ၅ နာရီဝန်းကျင် ကျောက်မဲမြို့ အုတ်ကျင်းရပ်ကွက်၌ စစ်တပ်ရေကန်အနီးရှိ နေအိမ်တစ်လုံးဘေးတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကလေးတစ်ဦးအပါအဝင် ၅ ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။

အုတ်ကျင်းရပ်ကွက်နေထိုင်သူ မြို့ခံတစ်ဦးက “လက်နက်ကြီးကကျနော်အိမ်ရဲ့အထက်မှာ ကျတယ်၊ စစ်တပ်ရေကန်အနီးနေရာမှာ ကျတယ်၊ ညနေပိုင်းဆိုတော့ ကလေးတွေက လမ်းပေါ်ထွက်ဆော့တဲ့အချိန်ဖြစ်တယ်၊ တော်သေးလို့ လမ်းမကြီးမှာမကျတာ လမ်းမထက်မှာကျရင်တော့ အများကြီးထိမှာ“ဟု ပြောသည်။

လက်နက်ကြီးကျသည့်နေအိမ်သည် ဟယ်လိုကားဂိတ်မှူး၏နေအိမ်ဖြစ်ပြီး သေဆုံးသူသည် ကားမောင်းသည့်အမျိုးသား  ၁ ဦး၊ လင်မယာနှစ်ဦး ၂ ဦး၊ အသက် ၂၀ ကျော်အရွယ် ကောင်မလေး ၁ ဦး နှင့် အသက် ၂ နှစ်ကျော်အရွယ် ကလေးငယ် ၁ ဦး စုစုပေါင်း ၅ ဦးဖြစ်သဖြင့် ကလေးငယ် ၁ ဦးအပါအဝင် ၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

အဆိုပါ ဒဏ်ရာရရှိသူများကို နမ့်ခုံးရှမ်းများ ပရဟိတအသင်း ကျောက်မဲအသင်းခွဲမှ လာရောက်သယ်ဆောင်ပေးခဲ့ပြီး ရှင်းလင်းပေးခဲ့သည်။

ထို့အပြင် မနေ့ ၂၉ ရက်နေ့ နေ့လည်ပိုင်းအချိန် ထုံးဖို (၈) ရပ်ကွက် အ.ထ.က (၁) ရှေ့  ရွှေကျင် ဘုန်းကြီးကျောင်းအနီးရှိ နေအိမ်တစ်အိမ်ပေါ်လက်နက်ကြီးကျပေါက်ကွဲသဖြင့် အမျိုးသမီး (၂) ဦး ဖြစ်သည့် ဒေါ်နန်းခင်ဖုန်း နှင့် နန်းမွေလင်စံတို့သေဆုံးခဲ့ရသည်။

ကျောက်မဲဆေးရုံအနောက်ရှိ ပိန္နဲဘုန်းကြီးကျောင်တွင် လက်နက်ကြီးကြောင့် ကျောင်းထိုင်ဆရာတော်နှင့် ဦးပဇင်း (၃)ပါးတို့ ဒဏ်ရာရရှိခဲ့ပြီး မန္တလေးဆေးရုံတွင် ဆေးကုသရန် ပို့ဆောင်ထားသည်။

တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ လက်လှမ်းမှီ ကောက်ယူစုဆောင်းထားသည့်စာရင်းများအရ ကျောက်မဲမြို့တွင် လက်နက်ကြီးကြောင့် သေဆုံးသူ ထုံးဖိုရပ်ကွက်(၈) အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၂ ဦး၊ ရန်ကင်းရပ်ကွက် အမျိုးသားနဲ့ အမျိုးသမီး ၂ ဦး၊ တောင်နောက်မှ ပစ်သတ်ခံရသည့် အမျိုးသား ၂ ဦး၊ ငြိမ်းချမ်းရေးကုန်းမှ အမျိုးသား ၂ ဦး၊ အုတ်ကျင်းရပ်ကွက်မှ ကလေးငယ် ၁ ဦး ၊ အမျိုးသား ၂ ဦး နှင့် အမျိုးသမီး ၂ ဦး စုစုပေါင်း (၁၄)ဦး သေဆုံးခဲ့သည်။

ဒဏ်ရာရရှိသူများမှာ ထုံးဖိုရပ်ကွက်(၈)မှ အမျိုးသား ၁ဦးနဲ့ အမျိုးသမီး ၁ ဦး၊ ရန်ကင်းရပ်ကွက်မှ ကလေးငယ်တစ်ဦးအပါအဝင် အမျိုးသမီး ၃ ဦး၊ နမ့်တုံရပ်ကွက်မှ အမျိုသား ၁ ဦး နဲ့ အမျိုးသမီး ၁ ဦး၊ ၁၂ မိုင်ကုန်းမှ ကလေးငယ် ၁ ဦး၊ အုတ်ကျင်းရပ်ကွက်မှ ကလေးငယ်တစ်ဦးအပါအဝင် (၅) ဦး နှင့် ပိန္နဲဘုန်းကြီးကျောင်းမှ (၃) ပါး အပြင် နမ့်ပေါင်ရွာမှ ကလေးငယ် ၁ ဦး စုစုပေါင်း (၁၆) ဦး ရှိပြီးဖြစ်သည်။

တိုက်ပွဲကြောင့် ကျောက်မဲဒေသခံများသည် ရပ်ကွက်ထဲတွင် မနေရဲကြဘဲ နီးစပ်ရာဘုန်းကြီးကျောင်းသို့ တိမ်းရှောင်နေကြရပြီး လူဦးရေ ၂၀၀၀ ကျော်နီးပါးရှိနေပြီး အရေးပေါ်အစားအသောက်များ လိုအပ်နေကြောင်း သိရှိရသည်။

ဓါတ်ပုံ- ဒေသခံ

#တအာင်းအမျိုးသမီးအဖွဲ့အစည်း

#ဒေသခံ #သေဆုံး #ဒဏ်ရာရ #ကျောက်မဲ #တိုက်ပွဲ