လားရှိုးမြို့တွင် လက်နက်ကြီးကြောင့် ထိခိုက်သေဆုံးမှုများ ထပ်တိုးလာ
ယနေ့ ဇူလိုင်လ ၄ ရက်နေ့မှာ လားရှိုးမြို့တွင် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့နှင့် အကြမ်းဖက်စစ်ကောင်စီ တို့အကြား တိုက်ပွဲပြင်းထန်နေပြီး ရပ်ကွက်နှင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ကျရောက် ပေါက်ကွဲမှုကြောင့် ရပ်ကွက် (၁၁) တွင် နေထိုင်သော ဒေသခံ(၃)ဦး ထပ်မံသေဆုံးကြောင်း သတင်းရရှိပါသည်။
လားရှိုးမြို့ခံတစ်ဦးမှ “ဒီနေ့မနက်ပိုင်း အဲ့ဒီ ရပ်ကွက် ၁၁ ပညာရေးကောလိပ် အနောက်ဘက်မှာ ဖြစ်မယ် လက်နက်ကျလို့ နောက်ထပ် ၃ ယောက် ထိပြီးသေသွားတယ်၊ ၃ ယောက်လုံးက ယောက်ကျာ်းလေးတွေပဲ’’ ဟု ပြောပါသည်။
အလားတူ ဘူတာရပ်ကွက် ရထားသံလမ်းဘက်ရှိသော အခြေခံပညာမူလတန်း(လွန်) စာသင်ကျောင်းတွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုဖြစ်ခဲ့လို့ ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း အဆိုပါ မြို့ခံမှ ထပ်မံပြောဆိုပါသည်၊၊
“နေ့လည်လောက် ဘူတာဘက်မှာကျတယ် စာသင်ကျောင်းတစ်ခုထိပြီး ပျက်စီးသွားတယ်၊ တော်သေးတယ် မနေ့နဲ့ဒီနေ့ကျောင်းပိတ်ထားလို့ ကလေးတွေမရှိကြတာ၊ ကျောင်းသာမပိတ်ရင် မတွေးရဲစရာပဲ တစ်နေကုန် လက်နက်အသံတွေ ကြားနေရတယ်”ဟု ဆိုပါသည်၊၊
လားရှိုးမြို့နယ်တွင် တိုက်ပွဲ ၂ ရက်အတွင်း ရပ်ကွက် (၁) ဗျူဟာလမ်း ၁ လုံး၊ ရပ်ကွက်(၄) ၂ လုံး၊ ရပ်ကွက် (၇) ဂျာမိုင်ကျေးရွာ ၂ လုံး၊ ရပ်ကွက် (၉)မှာ ၃ လုံး၊ ရပ်ကွက်(၁၀) မီးပွိုင့်အနီး( ၁ )လုံး၊ သရဖီလမ်း ၁ လုံး၊ တောရကျောင်းရှေ့ ဗိုက်ကလေးစားသောက်ဆိုင်နား (၁) လုံးနှင့် မြို့ဝမ်လမ်း ကိုပြုံးချိုကားဝပ်ရှော့ဆိုင်အနီး (၁) လုံးအပြင် ရပ်ကွက် (၁၁) ဂေါက်ကွင်း ဝန်းထဲမှာ (၁) လုံး၊ လားရှိုးပညာရေးကောလိပ်ကျောင်းအနောက်ဘက် (၁) လုံးနှင့် ဘူတာရပ်ကွက်သံလမ်းဘက် (၁) လုံး ကျရောက်ပြီး ဘူတာစျေးနှင့် လာရှိုးစျေးထဲတွင်လည်း ကျရောက်ပေါက်ကွဲမှု ရှိခဲ့သည်ကို မြို့ခံတွေထံမှတစ်ဆင့် မှတ်တမ်းရရှိခဲ့သည်။
ထို့အပြင် ယနေ့တစ်ရက်တည်းမှာ လားရှိုးမြို့နယ်မှ တန်ယန်းမြို့ လမ်းမကြီးပေါ်တွင် တည်ရှိသော နမ့်ပေါင်ကျေးရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် လက်နက်ကြီးစ ထိမှန်ဒဏ်ရာရရှိသည့် ဒေသခံတစ်ဦးရှိနေသေးသည့်အပြင် မနေ့ ဇူလိုင်လ ၃ ရက်တွင်လည်း နမ့်ပေါင်ကျေးရွာမှာ လက်နက်ကြီးကြောင့် ဒေသခံ အမျိုးသမီး ၁ ဦး သေဆုံးပြီး အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိခဲ့သည်။
ထိုဖြစ်စဥ် အသေးစိတ်ကို တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ စုံစမ်းနေဆဲဖြစ်ပြီး နောက်ဆက်တွဲ သတင်းများကိုပြန်လည်တင်ပြသွားမည် ဖြစ်သည်။
ဓါတ်ပုံ – ဒေသခံ
#လားရှိုး #ဒေသခံသေဆုံး #လက်နက်ကြီးပစ်ခတ် #ဒဏ်ရာရ #တိုက်ပွဲပြင်းထန် #ရှမ်းမြောက်