ဖုန်းလိုင်းဖြတ်တောက်ထားသည့် မိုးမိတ်မြို့တွင် တိုက်ပွဲပြင်းထန်ပြီး ဒေသခံ သေဆုံးသူ ၃ ဦး နဲ့ ၆ ဦး အပြင်းအထန်ရရှိပြီး ဆေးကုသရန်နေရာအခက်အခဲရှိနေ

ရှမ်း/မြောက် မိုးမိတ်မြို့နယ်မှာ ပြီးခဲ့သည့် ဇွန်လကုန်တွင် တအာင်းတပ်မတော် (TNLA) နှင့် အကြမ်းဖက်စစ်ကောင်စီတို့အကြားတွင် တိုက်ပွဲများစတင်ဖြစ်ပွားခဲ့သည်။

တိုက်ပွဲ​တွင် ရှော့တိုက်ဒုံး၊ လက်နက်ကြီး နှင့် လေကြောင်းအသုံးပြု ဗုံးကြဲခဲ့ခြင်းကြောင့် မိုးမိတ်မြို့နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများတွင် ကျရောက်ပေါက်ကွဲပြီး ကလေးနှင့် သံဃာတော်များအပါအဝင် ဒေသခံများထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုလဲ ရှိခဲ့သည်ဟု မိုးမိတ်မြို့နယ်တွင် ရောက်ရှိနေသည့် ဒေသခံတစ်ဦးထံ စုံစမ်းသိရှိရသည်။

“နေအိမ်လဲ ပျက်စီးတယ်၊ ထိတယ် ဒါပေမယ့် ဘယ်နှအိမ်လဲမသိဘူး၊ ပြီးတော့ သရက်တောဘုန်းကြီးကျောင်းလဲ ထိတယ်၊ အိမ်တွေလဲအများကြီးထိထားတယ်၊ ကျောင်းက ဘုန်းကြီးတစ်ပါးပျံလွန်သွားတော်မူတယ်၊ ရွှေဇာလီရွာ ဘက်မှာလဲထိတယ် အဲ့ထိတော့မသွားဘူး၊ ဘယ်သူမှသွားမကြည့်ရဘူး၊ ပြည်သူထိတာ တအားများတယ် မြို့ထဲထိဝင်လို့မရသေးလို့၊ သေတဲ့သူတွေကို ဝင်ကောက်လို့မရသေးလို့၊ အခုလဲလက်နက်ကြီးလှန်းထုနေတာ၊ မနေ့ကသူတို့ဂျက်လာကြဲတာ၊ အခုလဲလေယာဉ်လာဝဲ“ဟု ပြောသည်။

ဇူလိုင်လ ၆ ရက်နေ့ ညနေပိုင်းတွင် အမည်မသိရသေးသည့် အမျိုးသား ၁ ဦး၏ ဦးခေါင်းတွင် လက်နက်ကြီးထိမှန်၍ ထိုနေရာတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။

ထို့ဖြစ်စဉ်နှင့်အတူ နေ့လည်ခင်း ၁း၀၀ နာရီဝန်းကျင်အချိန်တွင် စစ်ကောင်စီမှ ပစ်လွှတ်လိုက်သည့် လက်နက်ကြီးတစ်လုံးသည် လယ်ကြီးကျေးရွာတွင် ကျရောက်ပေါက်ကွဲပြီး အသက် (၆၁)နှစ်အရွယ် ဦးထွန်း၏ လက်၊ ဗိုက်၊ ဘယ်ဘက်လက်ချောင်းနှစ်ချောင်းကို ထိမှန်ပြီး အသက်(၂၅)နှစ်အရွယ် ကိုအောင်ကျော်မြင့်၏ ဗိုက်၊ဘယ်ဘက်လက်ထိမှန်သည့် အပြင် အသက် (၅၇) နှစ် ဒေါ်စောခင်၏ ဘယ်ဘက်ခြေထောက် နှင့် ဦးခေါင်းကို ထိမှန်ပြီး ၎င်းတို့အသီးသီးဒဏ်ရာ အပြင်းအထန် ရရှိခဲ့သည်ဟု စုံစမ်းသိရှိရသည်။

မိုးမိတ်မြို့ မြောက်ပိုင်းရပ်ကွက်တွင် ၈ ရက်နေ့ ည ၁၀း၀၀ နာရီအချိန်ခန့် အကြမ်းဖက်စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ဗုံးလာကြဲခဲ့တာကြောင့် အသက် (၈၆) နှစ်အရွယ် အဖွားအို ဒေါ်မြကျင်၏ တင်ပါးဘယ်ဘက်အနောက်ခြမ်းတွင် ကျည်အစများထိမှန်ပြီး ဒဏ်ရာပြင်းထန်ရရှိသဖြင့် အဆိုပါလူနာများကို တအာင်းတပ်မတော်က ဆေးကုသပေးနေသည်ဟု သိရသည်။ 

ထို့အပြင် နမ့်ခမ်းအင့် (ခေါ်) ရွှေတောင်ဦးရပ်ကွက်တစ်ခုတွင် မနေ့ ၉ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် ကလေးငယ် ၁ ဦး သေဆုံးသွားခဲ့ပြီး အမျိုးသမီး ၁ ဦးနှင့် ကလေးငယ် ၁ ဦး ထိမှန်ဒဏ်ရာရခဲ့သည့်အပြင် သရက်တောကျေးရွာ၏ ဘုန်းတော်ကြီးကျောင်းတွင် လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲမှုတွင် ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူခဲ့ရသည်။

မိုးမိတ်မြို့နယ်တွင် လွန်ခဲ့သည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလကတည်းက ကချင်လွတ်မြောက်ရေးတပ်မတော် (KIO/KIA) တပ်ဖွဲ့နှင့် အကြမ်းဖက်စစ်ကောင်စီတို့အကြား တိုက်ပွဲဖြစ်ပွားနေပြီး ဖုန်းလိုင်းများ၊ အင်တာလိုင်းများကို ယနေ့အထိ ဖြတ်တောက်ခဲ့လို့ ဒေသခံများနှင့် ဆက်သွယ်ရန် အခက်အခဲရှိပြီး မြေပြင်တွင် ယခုမှတ်တမ်းရရှိထားသည်ထက် ထိခိုက်သေဆုံးမှုများနိုင်သည်။

ဓါတ်ပုံ – ဒေသခံပေးပို့

#တအာင်းအမျိုးသမီးအဖွဲ့အစည်း

#မိုးမိတ်မြို့ #ရှမ်းမြောက် #တိုက်ပွဲပြင်းထန် #သေဆုံးရခြင်း #လက်နက်ကြီး #ဂျက်လေယာဉ်