လားရှိုးမှ နေအိမ်သို့ပြန်သည့် တအာင်းလူငယ် ၃ ဦးကို ကိုးကန့်တပ်မတော်မှ လမ်းခုလတ်တွင် ဖမ်းဆီးထိန်းသိမ်းထား
ပြီးခဲ့သည့် ၈ ရက်နေ့ ညနေပိုင်းတွင် လားရှိုးမှ နေအိမ်သို့ ပြန်သွားသည့် တန့်ယန်းမြို့နယ် ဒေသခံ ၃ ဦးကို ကိုးကန့်တပ်မတော် (MNDAA ) အကြောင်းမဲ့ဖမ်းဆီးထားသည်ဟု သိရှိရသည်။
လားရှိုးမြို့နယ် မယ်ဟန်ကျေးရွာ ပြည့်စုံပန်းခြံတွင် အလုပ်လုပ်နေကြသည့် မိုင်းအိုက်ကမ်၊ မိုင်းအိုက်ခွန် တို့ သူငယ်ချင်းတစ်စုသည် လားရှိုးတွင် တိုက်ပွဲပြင်းထန်နေသောကြောင့် နေအိမ်သို့ ပြန်လာသည့်အချိန် နမ့်ပေါင်ကျေးရွာအဝင် မန်ကောင်းကျေးရွာတွင် ဖမ်းဆီးထိန်းသိမ်းထားခဲ့သည်။
ဖမ်းဆီးခံရသူများသည် မန်ကောင်းမူကျေးရွာအုပ်စု၊ ကောင်းစံကျေးရွာနေ မိုင်းအိုက်အမ်၊ တွန်ဟဲကျေးရွာနေ မိုင်းအိုက်ခွန်၊ ဟိုတွန်ကျေးရွာသား ၁ ဦး နှင့်အတူ ဖမ်းဆီးခြင်းခံခဲ့ရပြီး ယနေ့အထိ အဆက်အသွယ်မရရှိသေးပါဟု အတူတူပြန်လာသည့် နောင်ချိုရွာခံတစ်ဦးမှ ပြောသည်။
“ကျနော်တို့က လားရှိုးမှာ အလုပ်လုပ်တယ်၊ မယ်ဟန်ရွာမှာ ပန်းခြံစိုက်ပျိုးရေး သန့်ရှင်းရေးဝန်ထမ်းလုပ်ကြတာ၊ စစ်ပွဲဖြစ်လို့ ဆိုင်ကယ်နဲ့ပြန်လာကြတာ၊ နမ့်ပေါင်ရွာအဝင်မှာ ဖမ်းခံရတာ၊ ကျွန်းပင်ရှိတဲ့နေရာ မန်ကောင်းရွာမှာဖမ်းတာ၊ ဖမ်းတဲ့အချိန် အိမ်ထောင်စုပြောပြခိုင်းတာ၊ ယောကျာ်းလေး တစ်ယောက်ထဲရှိတဲ့လူက ပြန်လွှတ်ပေးတယ်၊ ပလောင်မကဘူး တရုတ်တွေလဲဖမ်းတယ်၊ ဗမာတွေဆိုမဖမ်းဘူး လွှတ်ပေးတယ်လို့ ကျနော်တို့ကြားရတယ်၊ အဲ့ဒါကျတော့ ခါးသျှီးရွာဘက်လဲ ဖမ်းတယ် အခုထိအဲ့ဖမ်းခံထားရတဲ့လူတွေနဲ့ အဆက်အသွယ်မရတော့ဘူး” ဟု ပြောသည်။
ဖမ်းဆီးခံသည့်အချိန်တွင် ဆိုင်ကယ်နဲ့ဖုန်းများကိုပါ သိမ်းဆည်းထားပြီး ဖမ်းဆီးခံရသည့် ၃ ဦး နှင့် ယနေ့ထိ အဆက်အသွယ်မရသေးပါဟု အထက်ပါပြန်လွတ်လာသည့်အမျိုးသားက ပြောသည်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာအတွင်း ၁၀၂၇ စစ်ဆင်ရေးကာလတွင် မြန်မာ့အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) သည် လောက်ကိုင်မြို့မှ ပြန်လာကြသည့် တအာင်းလူငယ် (၁၆၉) ဦးကို စစ်မှုထမ်းဆောင်ရန် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
ထိုဖြစ်စဉ်ကို တအာင်းအရပ်ဖက်အဖွဲ့အစည်းများ (TCSOs) များမှ MNDAA ဗဟိုရုံးချုပ်သို့ အိတ်ဖွင့်စာနှင့်တကွ လိပ်မူတိုင်ကြားခဲ့သော်လည်း တစ်စုံတစ်ရာတုံ့ပြန်မှုမရှိခဲ့သောကြောင့် လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ပြန်လည်ဖော်ပြခဲ့သော်လည်း ယနေ့အချိန်ထိ ထိုတအာင်းလူငယ်များကို ပြန်လွှတ်ပေးခြင်းမရှိသေးပါ။
သတင်းဓာတ်ပုံ – ဒေသခံပေးပို့ (ဖမ်းဆီးခံထားရသည့် မိုင်းအိုက်ကမ် နှင့် မိုင်းအိုက်ခွန်)
#တအာင်းအမျိုးသမီးအဖွဲ့အစည်း
#ဖမ်းဆီးခြင်း #ကိုးကန့်တပ်မတော် #တအာင်းလူငယ် #တန့်ယန်းတအာင်းလူငယ် #ရှမ်းမြောက် #တိုက်ပွဲ #MNDAA