လားရှိုးတိုက်ပွဲ ၁၃ရက်အတွင်း ဒေသခံ ထိခိုက်သေဆုံးသူ စုစုပေါင်း (၇၀) အထိရှိလာ
ရှမ်း/မြောက် လားရှိုးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီနှင့် ကိုးကန့်တပ်၊ မဟာမိတ်ပူးပေါင်းတပ်တို့ အကြား တိုက်ပွဲများ ပြင်ထန်ပြီး (၁၃)ရက်အတွင်း လက်နက်ကြီးများ ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးနှင့် သံဃာတော်များ အပါအဝင် ဒေသခံ (၂၉)ဦး သေဆုံးခဲ့ပြီး၊ ဒဏ်ရာရသူ (၃၇)ဦး အထိ ထိခိုက်မှုရှိပြီဖြစ်ကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်း၏ မှတ်တမ်းတင်ချက်အရ ရှိပြီဖြစ်သည်။
လွန်ခဲ့သည့် ဇူလိုင်လ ၃ ရက်မှ ယနေ့ ဇူလိုင်လ ၁၅ ရက်အထိ ၁၃ ရက်အတွင်း အကြမ်းဖက်စစ်ကောင်းစီတပ်နှင့် ကိုးကန့်တပ်၊ မဟာမိတ်ပူးပေါင်းတပ်တို့အကြား လားရှိုးမြို့ပြင်နေရာအနှံ့အပြားတွင် တိုက်ပွဲများပြင်းထန်နေပြီး မြို့တွင်းရပ်ကွက်နှင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီး/ရှော့တိုက်ဒုံး အများအပြား ကျရောက်ပေါက်ကွဲမှု ကြောင့် နေအိမ်အများအပြားထိခိုက်မှုရှိပြီး ဒေသခံများ ထောင်နှင့်ချီပြီး အလံဖြူများထောင်ကာ မြို့စွန့်ခွာပြီး စစ်ဘေးရှောင်ထွက်သွားကြသည်။
လားရှိုးဒေသခံတစ်ဦးမှ “မြို့ထဲကတော့ သိတဲ့အတိုင်းပဲ လက်နက်တွေ ဟိုကျ ဒီကျနဲ့ လူထိခိုက်မှုလဲ နေ့တိုင်းရှိနေတယ်။ နမ့်ကျန်ရွာဘက်တွေလည်း လက်နက်ကျတယ် အဲ့မှာလည်း အမျိုးသမီး ၁ ယောက်သေတယ်၊ ၁၀ ရက်နေ့တုန်းကလည်း ဘူတာဘက်မှာ လက်နက်ကျလို့ ကလေးတစ်ယောက်နဲ့လူကြီး ၂ ယောက်သေတယ်၊ ၁၀ ယောက်လောက်ဒဏ်ရာရတယ်၊၊ ၁၁ ရက်လည်း ရပ်ကွက် ၁ မှာ ခရစ်ယာန် အသင်းအုပ်ဆရာ တစ်ယောက်တောင် သေသွားတယ်၊ သူအိမ်ပေါ်မှာ လက်နက်ကျပြီးသူ့ကိုထိသွားတယ်၊၊ နမ့်ပါချီးဘက်မှာလဲ နေအိမ်ပေါ်လက်နက်ကြီး ကျလို့ ၃ ယောက် ထပ်သေသွားတယ်”ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်းကို ပြောပြပါသည်။
ထို့ပြင် ဇူလိုင်လ ၁၂ ရက် နှင့် ၁၃ ရက် တွင်လည်း ရပ်ကွက် ၁၂ အေဒီတံတားဘက်နှင့် ဟိုပိတ်ကျေးရွာဘက်တွင်မှာ လက်နက်ကြီး/ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ ၁ ဦးသေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ပါ သည်၊၊
ဖြစ်စဉ်သိရှိသူနောက်ထပ် ဒေသခံ အမျိုးသားတစ်ဦးမှ “အေဒီတံတားဘက်မှာ လက်နက်ထိလို့ ဈေးရောင်းနေတဲ့ ဈေးသည် ၅ဦး လက်နက်ကြီးစတွေထိသွားတယ်၊ ဒဏ်ရာပဲရကြတယ်၊ ကျနော်သိသလောက်ဆို ဟိုပိတ်ရွာဘက်မှာ အမျိုးသားတစ်ဦးထိပြီး သေသွားတယ်၊ ကျနော်တို့လည်း အေဆေးမနေရဘူး၊ သတင်းတွေပဲနားစွန့်နေရတယ်၊၊ လက်နက်သံတွေ ဆက်တိုက်ကြားနေရတယ်” ဟုပြောဆိုပါသည်။
အလားတူ ရပ်ကွက် ၁ သာသနာ့ ၂၅၀၀ ဘုန်းကြီးကျောင်းဘက်နှင့် ရပ်ကွက် ၁၀ နေခြည်ကျောင်းဘက်တွင်လည်း လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပါသည်၊၊ တိုက်ပွဲအတွင်း နေအိမ်များနှင့် သာသနာ့အဆောက်အဦး အပါအဝင် စာသင်ကျောင်း ထိခိုက်ပျက်စီးမှုစာရင်းများကို တိကျစွာရရှိရန် အခက်အခဲ ဖြစ်နေခြင်းကြောင့် ထိခိုက်မှု အသေးစိတ်စာရင်းများကို တအာင်းအမျိုးသမီးမှ ပြန်လည်ကောက်ယူနိုင်ခြင်းမရှိသေးသည့်အတွက် အသေးစိတ် စုံစမ်းနေဆဲဖြစ်သည်။
ယနေ့ ဇူလိုင်လ ၁၅ရက်မှ ၁၈ရက်နေ့အထိ ညီနောင်မဟာမိတ်သုံးဖွဲ့သည် တရုတ်ကွန်မြူနစ်ပါတီ၏ အစည်းအဝေး ကျင်းပရန်ရှိသည့်အတွက် (၄)ရက်ကြာ ခေတ္တအပစ်ရပ်မည် ဖြစ်သော်လည်း ထိပ်တိုက်ရင်ဆိုင်ရသည့်အနေအထား ရောက်ရှိလာပါက ခုခံတိုက်ခိုက်သွားမည်ဖြစ်ကြောင်း ထပ်မံသိရှိရပါသည်။
ဓါတ်ပုံ – ဒေသခံ
#တအာင်းအမျိုးသမီးအဖွဲ့အစည်း
#လားရှိုး #ဒေသခံ #သေဆုံး #ဒဏ်ရာရ #တိုက်ပွဲ #လက်နက်ကြီး #ရှော့တိုက်ဒုံးများ