ရက် ၂၀ ကျော်တိုက်ပွဲအတွင်း ကျောက်မဲမြို့တွင် အရပ်သား သေဆုံးသူ ၂၆ ဦး နှင့် ဒဏ်ရာရသူ ၃၂ ဦးအထိ ရှိခဲ့

မနေ့က ၁၇ ရက်နေ့ ည ၁၀ နာရီခွဲအချိန် ကျောက်မဲမြို့တွင် စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရှိရသည်။

အဆိုပါ ဗုံးကြဲမှုကြောင့် ပန်ပေါင်းကျေးရွာ၊ ဇောတိကုန်းကျေးရွာ၊ နမ့်ဟူးတောင်းကျေးရွာတွင် ဗုံးကျေရာက်ခဲ့ပြီး အရပ်သားနေအိမ်ထိခိုက်မှုရှိခဲ့တယ်လို့ အရပ်သားထိခိုက်မှုရှိမရှိကို အတည်ပြုချက်မရေသေးဟု ကျောက်မဲဒေသခံထံမှ သိရသည်။

ပြီးခဲ့သည့် ၁၂ ရက်နေ့ မန်ခဲကျေးရွာတွင် မနက် ၈ နာရီအချိန်တွင် လက်နက်ကြီးကျရောက်ခဲ့တာကြောင့် ကျေးရွာခံ ကလေး ၂ ဦးအပါအဝင် အမျိုးသမီး နှင့် အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

“အဲ့ဒီပိန္နဲကုန်းက ထိခိုက်ထားတဲ့အမျိုးသမီးက သူ့ဒဏ်ရာတော်တော်ထိတယ်၊ သူ့အခြေအနေကတော့ ဖြတ်ပစ်ရမယ်လို့ပြောတယ် ဘယ်ခြေထောက်ထိထားတယ်၊ အဲ့ဒီနေ့မတိုင်ခင်တုန်းက လက်နက်ကြီးရပ်ကွက်ထဲကျတယ်၊ ထမင်းစားထိုင်စားနေတဲ့အချိန် နံရံကပဲခြားတယ်၊ နားတောင်အူသွားတာ အိမ်ကတော့ ခေါင်မိုးကနေအောက်အထိ ပေါက်သွားတယ်” ဟု ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦးမှ ပြောသည်။

ထိုဖြစ်စဉ်နည်းတူ ၁၃ ရက်နေ့ နေ့လည်ပိုင်း ၃ နာရီထိုးခါနီးအချိန် ပိန္နဲကုန်းရပ်ကွက်ဘက်တွင် လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီး (၁) ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အပါအဝင် ထိခိုက်ပျက်စီးခဲ့သည်ဟု ပရဟိတအဖွဲ့အစည်းများထံ သိရသည်။

၁၅ ရက်နေ့ ပန်ပေါင်းကျေးရွာ ဂေါ်ရခါးနေအိမ်တွင် လက်နက်ကြီးတစ်လုံး ထပ်မံကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီးကြီး ၁ ဦး လည်ပင်းမှန်သေဆုံးခဲ့ပြီး မွတ်ဆလင်အမျိုးသား ၁ ဦး နှင့်အမျိုးသမီး ၁ ဦး ခြေ၊ လက်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ရန်ကင်းဓမ္မာရုံဘက်တွင် ဆေးကုနေရသည်ဟု ပရဟိတအသင်းများအဖွဲ့ထံမှ သိရသည်။

အဖြူရောင်နှလုံးသား ပရဟိတအသင်းတာဝန်ရှိသူမှ “ လောလောဆယ်တော့ ကျောက်မဲကလူနာတွေကို ကျနော်တို့က ကူညီကယ်ဆယ်ပေးတယ် ကျနောတို့ဆီရောက်သမျှ လူနာတွေကိုတော့ ရန်ကင်းဓမ္မာရုံမှာ ဆေးကုသပေးနေပါတယ်၊ ဟိုနေ့တုန်းက ဒီပန်ပေါင်းဘက်မှာ ၄ ဦး သေသွားတယ်၊ တစ်ယောက်က လက်မောင်းထိတယ်၊ တစ်ယောက်အရိုးကြေသွားတယ်၊ ပေါင်လဲထပ်ထိထားတယ်၊ အမျိုးသမီးတယောက်ဗိုက် ကိုထိတယ်၊ နောက်ပြီးတော့ လူငယ်လေးတစ်ယောက်က ခေါင်းကိုထိတယ်၊ ဟိုတနေ့တုန်းကတော့ ခိုမုန်းရွာက လူနာလဲပါတယ်၊ ကလေးလေးပေါ့နော်၊ လောလောဆယ် တိုက်ပွဲတော့ဖြစ်နေတုန်းပဲ” ဟု ပြောသည်။

၁၆ ရက်နေ့ တွင်လည်း တိလင် ကွက် (၉) မှ ခိုမုန်းကျေးရွာဘက်သို့ ပြောင်းရွှေ့လာကြသည့် မိသားစုသည် အိမ်အပြင်ဘက်မှာ ထမင်းချက်နေသည့်အချိန် လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး သားငယ်လေး နှင့်အတူ မိသားစုဝင် ၃ ဦးစလုံး ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးသွားခဲ့သည်ဟု ဖြစ်စဉ်သိရှိသည့် တိလင်ရပ်ကွက်နေအမျိုးသမီးတစ်ဦးထံ သိရှိရသည်။

ကျောက်မဲမြို့နယ်တွင် ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့ မှ ယနေ့ ဇူလိုင်လ ၁၈ ရက်နေ့အထိ တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ လက်လှမ်းမှီသလောက် ကောက်ယူရရှိထားသည့် စာရင်းအရ သေဆုံးသူ ၂၆ ဦး နှင့် ထိခိုက်ဒဏ်ရာရရှိသူ ၃၂ ဦး အထိ မှတ်တမ်းတင်ရရှိထားသည်။

ဓာတ်ပုံ – ကျောက်မဲဒေသခံ

#တအာင်းအမျိုးသမီးအဖွဲ့အစည်း

#ကျောက်မဲ#တိုက်ပွဲ #ရှမ်းမြောက် #သေဆုံး#ဒဏ်ရာရ #လက်နက်ကြီး #လေယာဉ်ဗုံးကျဲ