ကျောက်မဲမြို့သိမ်းတိုက်ပွဲအတွင်း သားအမိ ၃ ဦး ပစ်သတ်ခံခဲ့ရ

ကျောက်မဲမြို့နယ် ရပ်ကွက် (၈) ထုံးဖိုရပ်ကွက် အင်ကြင်းတောင်မှာ နေထိုင်ကြသော မိသားစုဝင်ဖြစ်သည့် အသက် ၅၀ နှစ်ဝန်းကျင်ရှိ အမေဖြစ်သူ နှင့် သား ၂ ဦးစလုံး ပစ်သတ်ခံရပြီး သေဆုံးခဲ့သည်ဟု စုံစမ်းသိရှိရသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ၁ ရက်နေ့ နေ့လယ်ခင်း ၁ နာရီဝန်းကျင်တွင် ပန်ပေါင်းကျေးရွာရှိ လျန့်ရှန်းစားသောက်ဆိုင်မှာ အလုပ်လုပ်ကိုင်နေသည့် သားဖြစ်သူကို မိခင်က တိုက်ပွဲဖြစ်နေသာကြောင့် စားသောက်ဆိုင်တွင်မနေခိုင်းပဲ အိမ်သို့ပြန်လာရန် သားဖြစ်သူနောက်တစ်ဦးကို သွားကြိုခိုင်းပြီး ပြန်လာသည့်အချိန် အိမ်ရှေ့တွင် သားအမိ ၃ ဦးတို့စလုံး လက်နက်ကိုင်အဖွဲ့အစည်းတစ်ဖွဲ့၏ ပစ်သတ်ခြင်းခံရပြီး သေဆုံးခဲ့သည်။

ဖြစ်စဉ်ကို သိရှိသူတဲ့ဒေသခံတစ်ဦးမှ “ကောင်လေးက ထမင်းဆိုင်မှာအလုပ်လုပ်တာ အဲ့ဒီမှာသူ့အမေကအတင်း ခေါ်တာ၊ သူ့ရဲ့ဆိုင်ပိုင်ရှင်ကတော့ မပြန်နဲ့လို့ပြောတယ် ဆိုင်မှာကပိုလုံခြုံတယ် အဲ့ဒါကိုသူကဇွတ်ပြန်တာ သူ့အမေက ဇွတ်ခေါ်တော့ ကောင်လေးက မပြန်ချင် ပြန်ချင်နဲ့ပြန်သွားတာ၊ ပြန်ရတော့ ဆိုင်ကယ်နဲ့တရကြမ်း မောင်းတာပေါ့ဗျာ၊ ကြောက်ကြောက်နဲ့ တရကြမ်းမောင်းတဲ့ခါကျတော့ ကောင်လေးလဲဖြစ်တယ်၊ ဟိုလိုမျိုး မသင်္ကာလို့ အဲလိုပစ်သတ်လိုက်ပေါ့နော်၊ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုကနေပြီးတော့ ပစ်လိုက်တာဖြစ် ပါတယ်”လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း ကို ပြောသည်။

ယနေ့ဇူလိုင် ၃ ရက်နေ့အထိ တအာင်းတပ်မတော် (TNLA)တပ်ဖွဲ့သည် ကျောက်မဲမြို့အားလုံးနီးပါးကို ထိန်းချုပ်ထားနိုင်သော အနေအထားဖြစ်ပြီး စကစ ခလရ (၅၀၁/၅၀၂) တပ်စခန်းတစ်ခုသာကျန်ရှိနေပြီး ထိုသားအမိသုံးဦးပစ်သတ်ခံရသည့်နေ့တွင် ရပ်ကွက်အတွင်း ပြည်သူများ စစ်ရှာင်နေကြပြီး ရပ်ကွက်အတွင်း လူထုအနည်းငယ်သာရှိနေသဖြင့် ၎င်းတို့သားအမိ ၃ ဦးကို ဘယ်လက်နက်ကိုင်တပ်ဖွဲ့မှ ပစ်သတ်လိုက်သည်ကို မည်သူမှ ထုတ်ဖော်ခြင်းမရှိခဲ့ပေ။

“ဒီနေ့တိုက်ပွဲအခြေအနေတော့ ဘာမှမထူးခြားဘူး၊ မြို့ထဲတော့ လူတွေသိပ်မရှိသလောက်ဖြစ်နေတယ်၊ မရှိသလောက်ဆိုတာကတော့ မနက်ပိုင်းစျေးဝယ်တာလဲ အရင်တုန်းကလို စည်စည်ကားကားမရှိတော့ဘူး၊ ဟင်းစိမ်းဟင်းရွက်ရောင်းတာလောက်ပဲရှိတော့တယ်၊ ပစ်ခတ်မှုတာတို့ လက်နက်ကြီးပစ်တာတို့တော့ မကြာမကြာကြားနေရတယ်၊ ကုန်စုံဆိုင်တို့ အိမ်ဆိုင်တို့အားလုံးကလဲ စစ်ရှောင်သွားလို့ ပိတ်ထားကြပြီဆိုတော့ တိုက်ပွဲသံတွေမကြားရပေမယ့် ရိက္ခာတွေတော့ ပြတ်လပ်နေတယ်၊ ပိုက်ဆံရှိရင်တောင်မှ ဝယ်တဲ့နေရာမရှိဘူး၊ ဆေးဝါးဆိုင်လဲမရှိ ဝယ်တဲ့နေရာမရှိ အကုန်ပြတ်လပ်နေတယ်၊ တိုက်ပွဲအခြေအနေက အခုလက်ရှိငြိမ်သက်နေ တယ်”ဟု မြို့ခံတစ်ဦးက ပြောသည်။

တစ်ဖက်တွင်လဲ အေရှားဝေါ်တိုးဂိတ်တွင် ရှိနေသည့် တအာင်းတပ်မတော်က (TNLA) တပ်ဖွဲ့သည် လွန်ခဲ့သည့် ဇွန်လ ၂၆ ရက်နေ့တွင် ရပ်ကွက်ပြည်သူများ၏ ကား ၁၀ စီး နှင့် မိုဘိုင်းဖုန်းများကို သိမ်းဆည်းထားသည့် ဖြစ်စဉ်များလည်း ရှိသည်ဟု ကျောက်မဲဒေသခံတစ်ဦးမှ TWO ကို ရင်ဖွင့်ပြောဆိုလာကြပြီး ထိုဖြစ်စဉ်ကို အသေးစိတ်သိရှိနိုင်ရန် TWO ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ဓါတ်ပုံ-  ဒေသခံ

#တအာင်းအမျိုးသမီးအဖွဲ့အစည်း

#ပစ်သတ်ခံရ #ကျောက်မဲမြို့ #မိသားစုဝင်သတ်ခံရ #တိုက်ပွဲ #သေဆုံး