လားရှိုးမြို့ ရပ်ကွက်အတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး မိသားစုဝင် ၆ ဦးသေဆုံးခဲ့
လားရှိုးမြို့တွင် မနေ့ည ၁၀ နာရီခွဲအချိန်မှစတင်ပြီး အကြမ်းဖက်စစ်ကောင်စီက ဒရုန်းဗုံး နှင့် လက်နက်ကြီးများကို လားရှိုးမြို့ပြင်သို့ ယခုမှတ်တမ်းရေးနေသည်အထိ အဆက်မပြတ်ပစ်ခတ်နေသည်ဟုသိရပါသည်။
ယနေ့မနက် ၇ နာရီဝန်းကျင်တွင် လားရှိုးတက္ကသိုလ်အနီး ရပ်ကွက် (၁) သာယာလမ်းထဲရှိ နေအိမ်တစ်လုံးပေါ်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး မိသားစုဝင် (၆)ဦး သေဆုံးသွားခဲ့သည်ဟု လားရှိုးမြို့ခံထံမှတဆင့် သိရှိရသည်။
“မနေ့ညကတည်းက လက်နက်ကြီးတွေစပစ်တာ၊ မြို့ပြင်ဘက်ကိုပစ်တယ်၊ ဒီမနက်တော့ ရပ်ကွက်၁ထဲမှာ ကျလာတယ်၊ သာယာလမ်းထဲလို့ပြောတယ်၊ ဒါပေမယ့် ကျနော်တို့က သွားမကြည့်ရဲဘူး၊ ကျနော်တို့လဲ အဲ့လိုဖြစ်တဲ့ဖြစ်တဲ့အချိန် အခြားနေရာကို ရှောင်ဖို့ ပြင်ဆင်နေတုန်း ရပ်ကွက်ထဲကျလာတာ၊ အကုန်လုံးကထွက်ပြေးကြကုန်ပြီ၊ အဲ့လက်နက်ကြီးကျတဲ့အိမ်က မိသားစုဝင်လိုက်ပဲ ထိပြီးဆုံးသွားတယ်၊ အိမ်ရော၊ ကားရော အကုန်ထိတယ် လူဦးရေတိကျတော့ မသိရဘူး” ဟု လားရှိုးမြို့ခံတွေထံမှ တစ်ဆင့် သိရသည်။
ထို့အတူ လားရှိုးမြို့မှ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတစ်လုံးလဲ နမ့်ပေါင်ကျေးရွာ စာသင်ကျောင်းဝန်းအတွင်း ကျရောက်ပေါက်ကွဲပြီး ကျောင်းဆောင်ထိခိုက်ပျက်စီးခဲ့သည်ဟု ထပ်မံသိရသည်။
လားရှိုးမြို့အနီးတစ်ဝိုက်ကျေးရွာများတွင် ကိုးကန့်တပ်မတော်၊ ညီနောင်မဟာမိတ်တပ်ဖွဲ့နှင့် အကြမ်းဖက်စစ်ကောင်စီတို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ယခုကဲ့သို့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခြင်း ဖြစ်သည်ဟု မြို့ခံတွေက ပြောကြသည်။
ပြီးခဲ့သည့် ဇွန်လ ၂၅၊ ၂၆ ရက်နေ့တွင် စစ်ကောင်စီက လားရှိုး-သီပေါလမ်းရှိ တံတားနှင့် လားရှိုး မန်စံရေကျ ကျေးရွာအနီးရှိ တံတားများကို မိုင်းခွဲဖျက်စီးခဲ့ပြီး လားရှိုး-မိုင်းယော်လမ်းနှင့် လားရှိုး-သီပေါလမ်းများကို စက်ဖြင့် မြောင်းများတူးဖော်ကာ လမ်းများကို ဖြတ်တောက်ထားသည်။
ယနေ့ ဇူလိုင်လ ၃ ရက်နေ့မှာလဲ တန့်ယန်း မိုင်းရယ် လမ်းမကြီးကို ညီနောင်မဟာမိတ်တပ်ဖွဲ့များက ဖြတ်တောက်ထားသည်ဟု ထပ်မံသိရသည်။
ဓါတ်ပုံ – Facebook
#တအာင်းအမျိုးသမီးအဖွဲ့အစည်း
#လက်နက်ကြီးပစ်ခတ် #ဒေသခံ #သေဆုံး # လားရှိုး