သီပေါမြို့နယ်တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့်‌ ဒဏ်ရာရသော ဒေသခံ ၅ဦး ဆေးကုသမှုအတွက် အကူအညီလိုအပ်နေ

ရှမ်း/မြောက် သီပေါမြို့နယ် စံဖိတ်ရပ်ကွက်တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့်‌ ဒေသခံ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါသည်။

ဖြစ်စဉ်မှာ လွန်ခဲ့သည့် ဇူလိုင်လ ၁ရက်နေ့ ညနေပိုင်း ၆ နာရီ ဝန်းကျင်တွင် သီပေါမြို့နယ် စံဖိတ်ရပ်ကွက်အတွင်း လက်နက်ကြီးများ ကျရောက်ပေါက်ကွဲမှုဖြစ်ပြီး ဒေသခံ အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၃ ဦးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။

ဖြစ်စဉ်သိရှိသူ ဒေသခံအမျိုးသား တစ်ဦးမှ “ဘယ်ကနေလာတဲ့ လက်နက်လည်းမသိဘူး၊ ရွာထဲမှာ ၃ လုံးလောက်ကျတယ်၊ စစ်သားတွေလဲများတယ်ဆိုတော့ ဘယ်စစ်သားလည်း ဘယ်လက်နက်ဆိုတာလည်း သေချာမပြောတတ်ဘူး၊ ၅ ဦး ထိတယ်။ ယောက်ကျာ်းလေး ၂  ယောက်က ဒဏ်ရာပြင်းလို့ လားရှိုးဆေးရုံကို ပို့ပေးထားတယ်၊ ကျန်တဲ့ ၃ ယောက်က သီပေါဆေးရုံမှာပဲဆေးကုနေတယ်။ အဲ့ဒီလက်နက်ထိတဲ့သူတွေက အဆင်မပြေကြဘူး၊ ဆေးကုသဖို့တောင် ပရဟိတအဖွဲ့တွေ ကူညီပေးကြလို့ ဆေးရုံရောက်တာ”ဟု ဆိုပါသည်။

အဆိုပါ လက်နက်ကြီးထိသည့် ဒေသခံ ၅ ဦးတို့သည်           အသက် ၂၀ အရွယ် မောင်မျိုးမင်အောင်မှာ ခါးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိပြီး၊ အသက် ၃၈ နှစ် အရွယ်ရှိ မောင်ဝင်းဝင်းဆန်းမှ ဘယ်ဘက်ပေါင်မှာ ပြင်းထန်စွာ ဒဏ်ရာရရှိခြင်းကြောင့် ၎င်းတို့နှစ်ဦးကို လားရှိုးဆေးရုံတွင် ဆေးကုသရန်အတွက် ပို့ဆောင်ခဲ့ကြောင့်သိရှိရပါသည်၊၊

နောက်ထပ် ကျန်ရှိနေသေးသည့်  အသက် ၂၉ နှစ်အရွယ်ရှိ မချစ်မေပိုးသည် ခြေတလုံးနှင့် ခြေဖမိုး နှစ်ဖက်စလုံးမှာ  ဒဏ်ရာရကာ အသက် ၂၃ နှစ်အရွယ်ရှိ မချစ်ပိုးထွေးသည် ဘယ်ခြေတလုံး ၊ ညာပေါင်နှင့် လည်ပင်းတွေမှာ ဒဏ်ရာရပြီး အသက် ၂၇နှစ်အရွယ်ရှိ မောင်ဇော်ဝင်းထက်သည် ကျောကုန်းမှာ ထိခိုက်ဒဏ်ရာရရှိသဖြင့် ၎င်းတို့ ၃ဦး စလုံးကို သီပေါဆေးရုံမှာပဲ ဆေးကုသမှုခံယူနေဆဲဖြစ်ပါသည်။

ကျောက်မဲနှင့် နောင်ချိုမြို့နယ်တို့တွင် တအာင်းတပ်မတော် ၊ မန္တလေး PDF နှင့် DPLA ဓနုတပ်မတော်တို့ အပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားသော်လည်း သီပေါမြို့မှာ တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးသော်လည်း လက်နက်ကြီးများ ကျရောက်ပေါက်ကွဲမှုများ ရှိနေကြောင်း စုံစမ်းသိရှိရပါသည်။

ဓါတ်ပုံ – ဒေသခံ

#တအာင်းအမျိုးသမီးအဖွဲ့အစည်း

#ဒေသခံ #ဒဏ်ရာရ #သီပေါ #လက်နက်ကြီးပစ်ခတ်