စစ်လက်နက်ကြွင်းကျန် ယူဆော့မိရာမှ ပေါက်ကွဲမှုဖြစ်ပြီး ကလေး ၁ဦးသေဆုံးပြီး ၁ဦး ဒဏ်ရာပြင်းထန်ကာ ဆေးကုသစားရိတ် လိုအပ်နေ

Ta’ang Women’s Organization

ရှမ်း/မြောက် ကျောက်မဲခရိုင် နမ္မတူမြို့နယ် တောင်သုံးလုံးကျေးရွာတွင် ကလေး ၂ ဦးသည် မပေါက်ကွဲ သေးသည့် စစ်လက်နက်အကြွင်းအကျန်ပစ္စည်းကို ယူဆော့ကစားမိရာမှ ပေါက်ကွဲမှုဖြစ်ပွါးရာ တစ်ဦး ထိခိုက်သေဆုံးကာ ကျန်တစ်ဦးမှာ ပြင်းထန်စွာထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဆေးကုသစားရိတ်အတွက် အကူအညီလိုအပ်နေကြောင်း သတင်းရရှိပါသည်။

ပြီးခဲ့သည့် မတ်လ ၃ ရက်နေ့တွင် နေ့လည် ၁ နာရီဝန်းကျင်တွင် ညီအစ်ကို နှစ်ယောက်ဖြစ်သူ မောင်းထွန်းဝင်းနှင့် မောင်ဌေးနိုင်ဝင်းတို့သည် တောင်သုံးလုံးရွာအနီးတွင် ဆိတ်ကျောင်းနေစဥ်မှာ မပေါက်ကွဲသေးသည့် စစ်လက်နက်ပစ္စည်းကို ဆော့နေသည့်အချိန် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါသည်။

၄င်းမိသားစုဝင်တစ်ဦးမှ “သူတို့နှစ်ယောက်က ရွာအနီးတောထဲမှာ ဆိတ်ကျောင်းဖို့သွားနေတာ လက်နက်ကြီးတွေ့လို့ ယူဆော့တာ ကလေးတွေဆိုတော့ ပေါက်ကွဲတတ်မှန်းလည်း မသိကြဘူး၊ အဲ့လက်နက်ပေါက်ကွဲပြီး နှစ်ယောက်စလုံးထိသွားတယ်၊ အစ်ကိုဖြစ်သူက ပွဲချင်းပြီးဆုံးသွားတယ်၊ ညီဖြစ်သူက ဒဏ်ရာပြင်းတယ်” ဟု ဆိုပါသည်။

အဆိုပါ လက်နက်ကျည်ထိခိုက်သွားသည့် အသက် (၁၄) နှစ်အရွယ် မောင်ထွန်းဝင်းနှင့် အသက် (၁၀) နှစ်အရွယ် မောင်ဌေးဝင်း တို့ နှစ်ဦးမှာ ညီအစ်ကိုရင်းသုံးဉီးရှိပြီး ကြုံရာကျပန်းအလုပ်ကိုလုပ်ကိုင်ကာ အခြားနည်းဖြင့် မသန်စွမ်းသူများဖြစ်သည့် မိဘနှစ်ပါးကို ရှာဖွေကျွေး‌မွေးနေကြသူများဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သူ တစ်ဦးထံတွင် သိရပါသည်။

ဒဏ်ရာပြင်းထန်စွာ ရရှိသည့် မောင်ဌေးဝင်းနိုင်ဖြစ်သူမှာ ဦးခေါင်း၊ လက်၊ ပေါင်နှင့် ခြေထောက်များတွင် ဒဏ်ရာပြင်းထန်သည့်အပြင် ခန္ဓာကိုယ်အနှံ့အပြားတွင်လည်း ကျည်စဒဏ်ရာရရှိပြီး ဆေးကုသမှုအတွက် အကူအညီများ လိုအပ်နေပါသည်။

Photo – Shwe Phee Myay News Agency

#landmine#Namtu#northernshanstate

0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *