လားရှိုး-မူဆယ် အဝေးပြေးလမ်းတွင် ကောက်ယူခဲ့သော ကြိုးမိုင်းပေါက်ကွဲမှုကြောင့် မန်စပ်ရွာ လူငယ်(၂)ဦး ဒဏ်ရာရခဲ့
ရှမ်း/မြောက်ပိုင်း မန်တုံမြို့နယ် မန်စပ်ကျေးရွာတွင် ကောက်ယူလာသည့် ကြိုးမိုင်းပေါက်ကွဲမှုကြောင့် ဒေသခံ လူငယ်(၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။
ဖြစ်စဉ်မှာ လွန်ခဲ့သည့် ၂၀၂၄ခုနှစ် မေလ ၁ ရက် ညနေ ၃ နာရီဝန်းကျင်တွင် အသက် ၁၈ နှစ်အရွယ်ရှိ မိုင်းအိုက်ကွန်းနှင့် မိုင်းနိုင်ထွန်းအောင်တို့သည် မိုင်းကို ရေချောင်းသို့ ဖောက်ခွဲရန် သွားနေသည့်အချိန် ပေါက်ကွဲမှုဖြစ်ပြီး မိုင်းအစအနများထိခိုက်ကာ နှစ်ယောက်စလုံး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပါသည်။
အဆိုပါ ကြိုးမိုင်းကို ၎င်းတို့ကျေးရွာနှင့် ၂မိုင်အကွာအဝေးခန့် ဝေးသော လားရှိုး-မူဆယ် အဝေးပြေးလမ်းမှ ကောက်ယူခဲ့ပြီး ကျေးရွာအနီးရှိ ရေချောင်းသို့ ဖောက်ခွဲရန် သွားနေစဉ် လမ်းတွင်တစ်နေရာတွင် ပေါက်ကွဲခဲ့သည်။
ဖြစ်စဉ်သိရှိသူ ဒေသခံတစ်ဦးက “သူတို့နှစ်ယောက် လမ်းမှာ မိုင်းကောက်လာတာ၊ မိုင်းကိုချောင်းမှာ သွားဖောက်မလို့ယူသွားတာ၊ မိုင်းက ကြိုးပါတော့ သူတို့နှစ်ယောက်က မိုင်းမှန်းမသိတော့ ကြိုးက အပါင်းနဲ့အနုတ်ပါလို့ ဘက်ဘရီနဲ့ သွားချိတ်မယ်ပေါ့ တစ်ယောက်က မိုင်းကိုင်တယ် တစ်ယောက်က ကြိုးဆွဲတယ်၊ အပေါင်းနဲ့ အနုတ်ကိုသွားထိမိတော့ ပေါက်ကွဲသွားတာ၊ နှစ်ယောက်စလုံးကိုထိသွားတယ်” ဟု ပြောပါသည်။
ကြိုးမိုင်းကိုင်ထားသော မိုင်းအိုက်ကွန်းမှာ ဘယ်ဘက်လက်၏ လက်ကောက်၀တ်မှ ပျက်ထွက်သွားသည့် အပြင် ဘယ်ဘက်ခြေထောက်လည်း မိုင်းအစအနများထိခိုက်မှုရှိပြီး မိုင်း၏ကြိုးဆွဲသော မိုင်းနိုင်ထွန်းအောင် သည် မျက်နှာနှင့် ဘယ်ဘက်လက်တွင် မိုင်းအစအနများဖြင့် ကိုယ်စီ ဒဏ်ရာအသီးသီး ရရှိကြသည်။
ကြိုးမိုင်းထိသည့် ဒေသခံနှစ်ဦးသည် ဖြစ်ဖြစ်ချင်း မန်စပ်ကျေးရွာဆေးခန်းတွင် သွားပြခဲ့ပြီး ကျေးရွာဆေးခန်းမှ မနိုင်တော့သည့်အတွက်ကြောင့် လက်ရှိ နမ္မတူပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း သိရှိရပါသည်။
Photo – TWO
#မြေမြှုပ်မိုင်း#မန်တုံ#လူငယ်