မြေမြှုပ်မိုင်းနင်းမိကာ ခြေထောက်ဖြတ်ထားရသော မူဆယ်မှ အမျိုးသမီးတစ်ဦး ဆေးကုသရန်အတွက် အကူအညီ လိုအပ်နေ
ရှမ်းပြည်မြောက်ပိုင်း မူဆယ်နယ် မန်မိုင်ကျေးရွာနေ အမျိုးသမီးတစ်ဦးသည် လွန်ခဲ့သော ၂၀၂၄ခုနှစ် မေလ ၂၁ ရက် မနက် ၆ နာရီဝန်းကျင်ခန့် ကျေးရွာအနီး လမ်းဘေးတစ်နေရာတွင် အပေါ့သွားစဉ် မြေမြှပ်မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ဖြတ်လိုက်ရကြောင့် သတင်းရရှိခဲ့ပါသည်၊၊
ကာယာကံရှင်ဖြစ်သူပြောပြချက်အရ “ကျမ က ဈေးသွားနေတယ်၊ မန်မိုင်စာသင်ကျောင်းအနား ရောက်တော့ အပေါ့သွားချင်းလို့ဆိုပြီး ကုန်းပေါ်မှာ ထိုင်ချလိုက်တာ မိုင်းရှိမယ် မထင်ဘူး၊ နင်းမိတာနဲ့ ချက်ချင်းပေါက်တယ်၊ ၂၂ ရက်နေ့မှာ ဘယ်ဘက် ခြေထောက်တစ်ဖက် ဖြတ်လိုက်ရတယ်”ဟု ပြောပါသည်။
အဆိုပါ မိုင်းနင်းမိသည့် မခိုင်ချိုဝင်းသည် ပုဂံညောင်ဦးဘက်မှ ဇာတိဖြစ်ပြီး မိသားစုစားဝတ်နေရေးအတွက် မူဆယ်တွင်အလုပ် လုပ်ကိုင်နေသဖြင့် ၎င်းမှာ ဆေးကုသစရိတ်အပြင် လက်ရှိစားဝတ်နေရေးအတွက်ပါ အခက်အခဲ ရှိနေကြောင်း သိရပါသည်။
“ပိုက်ဆံရှိတဲ့သူတွေက စားဖို့အတွက် အပြင်ထွက်ပြီး ရှာစရာမလိုတော့ ကျမတို့လို မရှိဆင်းရဲသားတွေကြီးပဲ ထွက်ရှာရတယ်၊ အဲ့လိုထွက်ရှာပြန်တော့လည်း အခုလို မိုင်းနင်းမိတယ်၊ ဒီလိုဖြစ်တော့ ခြေထောက် လမ်းလျှောက်လို့မရတော့ဘူး၊ ချိုင်းထောက်၊ တွန်းလှည်းနဲ့ပဲ သုံးရတော့မယ်၊ ပိုပြီးတော့ ခက်ခဲ့သွားတယ်၊ စားဖို့အတွက်ရော ဆေးကုသဖို့ရော သူများတွေ ကူညီပေးလို့ ဆေးကုနေနိုင်တယ်၊ ကျမတို့မိသားစုပဲ ဆိုရင်တော့ ဆေးမကုနိုင်လောက်ဘူး”ဟု ဝမ်းနည်းစွာ ရင်ဖွင့်ပြောဆိုခဲ့ပါသည်။
တအာင်းအမျိုးသမီးအဖွဲ့အစည်း ကောက်ခံရရှိသော အချက်အလက်မှာ ၂၀၂၄ ခုနှစ်အတွင်း မိုင်းနင်းသူ (၄၄)ဦး အနက် မူဆယ်မြို့နယ်တွင် (၉)ဦးရှိပြီး မန်မိုင်ကျေးရွာတွင် ဒေသခံများ မကြာခဏ မိုင်းနင်းမိကြောင်း မှတ်တမ်းအရတွေ့ရှိသည်။
ဓါတ်ပုံ – ဒေသခံပေးပို
#မြေမြှုပ်မိုင်း#အမျိုးသမီး#ဒဏ်ရာရ#မူဆယ်