သိန္နီမြို့တွင်ဗုံးပေါက်ကွဲရာမှကလေး၂ဦး၊အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရ

ကိုးကန့်တပ်မတော်_MNDAA ထိန်းချုပ်ထားသည့် သိန်နီမြို့ ပိန်းဆာကျေးရွာအုပ်စု ပိန်းဆာကျေးရွာတွင် မိုင်းကောက်ယူ ကိုင်ကြည့်ရာမှ လွှတ်ကျပေါက်ကွဲပြီး ကလေး ၂ ဦး၊ အမျိုးသမီးတစ်ဦး နှင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရသည်ဟု သိရပါသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ၁၆ ရက် မေလ ၂၀၂၆ ခုနှစ် မနက် ၈ နာရီဝန်းကျင်တွင် ဦးဂျဝဆိုသူသည် တောတစ်နေရာမှ ကောက်ယူလာသည့် ဗုံးတစ်လုံးကို မောင်ဒေဗစ်းအား ပေးဆော့ရာမှ လွှတ်ကျပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်သိရှိသူတစ်ဦးမှ “ကလေးတွေက အဲနေ့မှာပဲတောင်ယာသွားတာ။ သူတို့ဦးလေးက တောတစ်နေရာကနေ ဗုံးကို ကောက်လာတယ်။ သက်တမ်းကုန်ပြီလို့ပြောပြီး မောင်ဒေးဗစ်ကို ပေးဆော့တာပေါ့။ ကလေးက လွှတ်ချလိုက်တော့ ပေါက်ကွဲသွားတာ။ ဗုံးကအသေးပါပဲ။ အမျိုးအစားတော့မသိဘူး။” ဟု တအာင်းအမျိုးသမီး အဖွဲ့အစည်းကို ပြောပါသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် အသက် ၄၀ ဦးဂျဝသည် ဦးခေါင်း၊ ခြေသလုံးထိ၊ အသက် ၄၁ နှစ် ဒေါ်နဒီးသည် ညာဖက် လက်ဖဝါးပေါက်သွားပြီး ညာဖက်ခြေချောင်းထိခိုက်၊ အသက် ၁၀ နှစ်အရွယ် မအက်တာသည် ညာဖက်ပေါင်၊ ခြေဖနောက်၊ ညာဖက်ခြေသလုံးရိုးအက်ခြင်း နှင့် အသက် ၇ နှစ်အရွယ် မောင်ဒေးဗစ်သည် ဒူးအောက်ခြေထောက်နှစ်ဖက် ဖြတ်ရပြီး အူမကြီ၊ ဘယ်ဖက်မျက်စိ၊ ညာဖက်လက်ချောင်းသုံးချောင်း ပြတ်ထွက် သွားပါသည်။

လက်ရှိတွင် အထက်ပါ ဒဏ်ရာရရှိသွားသည့် ဦးဂျဝနှင့် ဒေါ်နဒီးသည် ဆေးရုံးဆင်းရပြီး မအက်စတာနှင့် မောင်ဒေးဗစ်တို့သည် သိန်နီဆေးရုံမှ လောက်ကိုင်ဆေးရုံသို့ လွှဲပြောင်းကာ ဆေးကုသမှု ခံယူလျက်ရှိပြီး ကုသစရိတ်ပါ လိုအပ်ကြောင်းသိရပါသည်။