နောင်ချိုမှာကျွဲရှာသည့်အမျိုးသားတစ်ဦးမိုင်းနင်းမိပြီးဆေးကုသစရိတ်အရေးပေါ်လိုအပ်
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် အမျိုးသားတစ်ဦးက မိုင်းနင်းမိ၍ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ညာဘက်ခြေထောက်တစ်ဖက် ဖြတ်လိုက်ရကြောင်း သိရပါသည်။
ပြီးခဲ့သည့် မေလ ၂၅ ရက် နံနက် ၉နာရီဝန်းကျင်အချိန်တွင် နောင်ချိုမြို့နယ် ကုလားကွဲကျေးရွာရှိ အသက် ၅၄နှစ် အရွယ် ဦးလွန်းကြွေဆိုသူသည် တောင်ယာတွင် လွှတ်ထားသည့် ကျွဲများအား သွားရောက်ရှာစဉ်တွင် မိုင်းနင်းမိခဲ့ခြင်း ဖြစ်ပါသည်။
“သူများလဲ သွားတယ် အဲ့နေရာကို ဘယ်သူမှ နင်းမိတာမရှိဘူး၊ သူ့ခြေထောက် ထိသွားတယ်၊ သူ့ညာခြေထောက် ခြေမျက်စိကတော့မိုင်းနင်းမိကတည်းက ပြတ်ထွက်သွားတာ” ဟု ကာယကံရှင်၏ တူဖြစ်သူမှ တအာင်းအမျိုးသမီးအဖွဲ့အစည်းအား ပြောကြားခဲ့ပါသည်။

မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် နေရာသည် ယခင်က တိုက်ပွဲများဖြစ်ပွားခဲ့ဖူးသည့် နေရာဖြစ်ပြီး လက်နက်ကိုင်အဖွဲ့အစည်းများသွားလာလှုပ်ရှားသည့် နေရာမဟုတ်ကြောင်း ထပ်မံသိရှိရပါသည်။
လက်ရှိတွင် မိုင်းနင်းမိခဲ့သည့် ဦးလွန်းကြွေသည် ပြင်ဦးလွင် ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်ကာ ဆေးကုသမှု ခံယူလျက်ရှိပြီး ဆေးကုသရန်အကူညီလိုအပ်နေကြောင်း သိရပါသည်။






