နောင်ချိုမြို့နယ်တွင်အမျိုးသမီးတစ်ဦးမြေမြှပ်မိုင်းနင်းမိ၍ဒဏ်ရာပြင်းထန်စွာရရှိ

 ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် တောင်ရှည်အုပ်စု မတ်လွတ်ကျေးရွာတွင် နေထိုင်သည့် ဒေါ်ထားယုနိုင်သည် မိမိနေအိမ်အနီးတွင် ထင်းခုတ်နေစဉ် မြေမြှုပ်မိုင်းနင်းမိ၍ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အင်းပိုကျေးရွာဘက်တွင် စစ်ရှောင်နေရာမှ နေအိမ်သို့ပြန်လာခဲ့ပြီး ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့ နံနက် ၈နာရီခွဲခန့်တွင် နေအိမ်အနီး ထင်းခုတ်နေသည့်အချိန် မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း ကာယကံရှင်မှ တအာင်းအမျိုးသမီးအဖွဲ့အစည်းထံပြောကြားထားသည်။

“စစ်ရှောင်ပြီး ပြန်လာတာ နောက်နေ့မနက်မှာပဲ၊ အိမ်နားမှာ ထင်းခုတ်ရင်း မိုင်းနင်းမိတာပါ၊ ဆေးကုပြီး ဆေးရုံက ဆင်းလာတာတော့ကြာပါပြီ” ဟု ဆိုပါသည်။

ထိခိုက်ဒဏ်ရာရရှိသူသည် အသက် ၄၄ နှစ်အရွယ် ဒေါ်ထားယုနိုင်ဖြစ်ပြီး ညာဘက်ခြေဖဝါး နှင့်ခြေကျင်းဝတ် ပွင့်ထွက်သည့်ဒဏ်ရာနှင့် အတွင်းပိုင်းအရိုးထိခိုက်ထားသောကြောင့် လက်ရှိတွင် ခြေဖဝါးယောင်နေဆဲဖြစ်ပြီး လမ်းလျှောက်နိုင်ခြင်း မရှိသေးကြောင်းပြောပါသည်။

အလားတူ မတ်လ ၂၈ ရက်နေ့တွင်လည်း မတ်လွတ်ကျေးရွာနေ ဒေါ်သီတာမွှေးသည် နေအိမ်အရှေ့ဘက် လမ်းမကြီးဘေးတွင်လမ်းရှင်းလင်းနေစဉ် မြေမြှုပ်မိုင်းနင်းမိပြီး ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု မိသားစုဝင်များထံမှတစ်ဆင့် သိရှိရသည်။

မတ်လွတ်ကျေးရွာအုပ်စုသည် ယခင် ၂၀၂၄၊၂၀၂၅ ခုနှစ်တွင် တအာင်းတပ်မတော် (TNLA) နှင့် အကြမ်းဖက်စစ်ကောင်စီတို့အကြားတိုက်ပွဲဖြစ်ပွားခဲ့သည့် ဒေသဖြစ်ပြီး ယင်းနေရာတွင် မကြာခဏဆိုသလို မိုင်းနင်းမိသည့် ဖြစ်စဉ်များခဲ့သလို ထိုမိုင်းများသည် မည်သည့်လက်နက်ကိုင်တပ်ဖွဲ့များမှ ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်းများဖြစ်ကြောင်း ဒေသခံများမှ မသိရကြောင်း TWO ကိုပြောပါသည်။​

တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ လက်လှမ်းမီသလောက် ကောက်ယူရရှိထားသည့် မှတ်တမ်းအရ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ယနေ့အထိ ကလေးငယ် ၆ ဦးအပါအဝင် ထိခိုက်ဒဏ်ရာရသူ ၂၃ ဦး နှင့် သေဆုံးသူ ၁ ဦး ထိ ရှိပါသည်။

0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *