လားရှိုးတွင်ခြံရှင်းနေသည့်အမျိုးသားတစ်ဦးမိုင်းနင်းမိ၍ခြေထောက်နှစ်ဖက်လုံးဖြတ်လိုက်ရ
ှမ်းမြောက် လားရှိုးမြို့နယ် မယ်ဟုန်ကျေးရွာအုပ်စု နမ့်ကျန်ကျေးရွာတွင် စိုက်ပျိုးရေးခြံအတွင်း ခြံရှင်းနေသည့် ဒေသခံအမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ပြင်းထန်သည့် ဒဏ်ရာရရှိခဲ့ပြီး ခြေထောက်နှစ်ဖက်လုံး ဖြတ်လိုက်ရသည်ဟု သိရပါသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက် ၁၀ နာရီခွဲခန့်တွင် အသက် ၃၈ နှစ်အရွယ် ဦးအိုက်အေးသည် ၎င်း၏ ဟင်းသီးဟင်းရွက်စိုက်ခင်းနှင့် ကြက်မွေးမြူရေးခြံအတွင်း ခြံရှင်းလင်းနေစဉ် မိုင်းနင်းမိခဲ့ခြင်း ဖြစ်သည်။
ကာယကံရှင်၏ ညီဝမ်းကွဲဖြစ်သူမှ “ခြံမှာက ဟင်းသီးဟင်းရွက်တွေ စိုက်တယ်၊ ကြက်လည်းမွေးတယ်။ ကြက်တွေပျောက်မှာစိုးလို့သူက ညတိုင်း နောက်ကျမှ ပြန်လာတတ်တယ်။ အဲဒီညက ထင်းဖြူရှို့ပွဲရှိတော့ လူအရမ်းများတယ်။ သူက ကြက်ပျောက်မှာစိုးလို့ ခြံထဲမှာပဲ အိပ်လိုက်တာ။ မနက်ရောက်တော့ ခြံထရှင်းရင်းနဲ့ အခုလို ဖြစ်သွားတာပါ” ဟု ပြောဆိုသည်။
ဦးအိုက်အေးသည် ၁ ရက်နေ့ညတွင် ခြံအတွင်းရှိ ကြက်များပျောက်ဆုံးမည်ကို စိုးရိမ်သဖြင့် နေအိမ်သို့မပြန်ဘဲ ညအိပ်စောင့်ခဲ့ပြီး နံနက်ပိုင်းတွင် သူ့၏အမျိုးသမီးဖြစ်သူနှင့် ဖုန်းပြောပြီး ခြံရှင်းလင်းရေး လုပ်ဆောင်နေသည့်အချိန် ယခုကဲ့သို့ မိုင်းပေါက်ကွဲမှုဖြစ်ကြောင်း သိရသည်။
မိုင်းပေါက်ကွဲမှုကြောင့် ဦးအိုက်အေးမှာ ဒူးအောက်ပိုင်း ခြေထောက်နှစ်ဖက်လုံး ဖြတ်လိုက်ရပြီး လက်ရှိတွင် လားရှိုးပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှု ခံယူနေရသည်။
အဆိုပါ မိုင်းပေါက်ကွဲမှု ဖြစ်ပွားသည့်နေရာသည် ယခင်က ကိုးကန့်တပ်ဖွဲ့ (MNDAA) သွားလာလှုပ်ရှားခဲ့သည့် နယ်မြေဖြစ်ကြောင်းဒေသခံများ၏ ပြောကြားချက်အရ သိရှိရသည်။











Leave a Reply
Want to join the discussion?Feel free to contribute!