နောင်ချိုမှာ ပျောက်ဆုံးနေသည့်သားလေးကို သွားရှာရင်း ဒေသခံ ၄ ဦး မိုင်းနင်းမိပြီး ဒဏ်ရာရ

ရှမ်း/မြောက် တအာင်းတပ်မတော် (TNLA) ထိန်းချုပ်ထားသည့် နောင်ချိုမြို့နယ်တွင် ကြိုးမိုင်းနဲ့ လက်နက်ကြီးဗုံးကြောင့်  ဒေသခံ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ 

ပြီးခဲ့သော ဇွန်လ ၁၀ ရက်နေ့တွင် နောင်ချိုမြို့နယ် ကံကြီးလက်ပံကုန်းကျေးရွာ ပတ်ဝန်းကျင်အနီးရှိ တောင်ယာတစ်ခုတွင် ပျောက်သွားသည့် သားလေးငယ်အား သွားရှာရာက​နေ ကြိုးမိုင်းတိုက်မိခဲ့ခြင်း  ဖြစ်ပါသည်။ 

ဖြစ်စဥ်သိရှိသူ အမျိုးသမီးတစ်ဦးမှ “သူတို့ ကြိုးမိုင်းတိုက်မိသွားတယ်လို့ပြောတယ်။ သူတို့ကလေးပျောက်လို့ဆိုပြီး လိုက်ရှာနေတာ။ သူတို့က တောင်ယာမှာထိတယ် ရွာကနေသွားရင် နာရီဝက်လောက်ပဲကုန်တယ်။ သူ့ကလေးသွားရှာရင်းနဲ့ ထိတယ်။ လေးယောက်စလုံး ဒဏ်ရာရတယ်။  ခြေထောက်​တွေထိ​ကြတယ် ” ဟု ပြောပြခဲ့ပါသည်။

အဆိုပါ ကြိုးတိုက်မိုင်းထိခိုက်သည့် ဒေသခံများသည် နောင်ချိုမြို့နယ် ကံကြီးလက်ပံကုန်းကျေးရွာမှ အသက် ၃၄ နှစ်အရွယ်ရှိ ကိုရန်အောင်ဆိုသူလည်း ဘယ်၊ ညာ ခြေထောက်နှစ်ဖက်စလုံး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သူ့၏ပျောက်ဆုံးနေသည့်သား အမောင်ဇွဲထက်အောင်အသက် ၉ နှစ်အရွယ်သည် ညာဘက်ခြေထောက်တွေ ထိခိုက်ဒဏ်ရာရရှိပြီး သည့်အပြင် ရွှေတုန်းကျေးရွာမှ မောင်ကျော်စန်းထူးလည်း ညာခြေထောက်တွင် ထိမှန်ခိုက်ဒဏ်ရာရရှိခဲ့ကြပါသည်။ နောက်ထပ်ဒဏ်ရာရရှိသူ ၁ ဦး၏ နာမည်ကို သေချာမသိရသေးပါ။ 

ထို့အပြင် ဇွန် ၁၁ ရက်နေ့တွင် နောင်ချိုမြို့နယ် လုံကွယ်ကျေးရွာခံ အသက် ၄၃ နှစ်အရွယ်ရှိ ဒေါ်စန္ဒာ​အောင်ဆိုသူသည် လေယာဥ်ဗုံးစထိမှန်ပြီး ဘယ်ဘက်လက်နှင့် ခါးတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နော်ဝင်ကျေးရွာခံ အသက် ၅၂ အရွယ်ရှိ ကိုမောင်အောင်ကျော်မင်းဆိုသူသည်လည်း အမည်မသိလက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့မှ ပစ်ခတ်လာသည့် အမြောက်လက်နက်ကြီးထိမှန်ပြီး ဗိုက်ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ထပ်မံသိရသည်။

လေယာဥ်ဗုံးစထိခိုက်သည့် ဒေါ်စန္ဒာအောင်သည် ဒဏ်ရာပြင်းထန်ခြင်းကြောင့် ကိုးကန့်တပ်မတော်(MNDAA) ထိန်းချုပ်သည့် အခြားဆေးရုံတစ်ခုတွင် ဆေးကုသနေရကြောင်း သိရှိရပါသည်။

သတင်းဓာတ်ပုံ – ဒေသခံ