အကြောင်းပြချက်မရှိပဲ ကျေးရွာမှ နှင်ထုတ်ခြင်းခံရသည့် ဒေသခံ ၁ ထောင်ကျော် အကူအညီလိုအပ်နေ 

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် အင်တောမြို့နယ်ခွဲ ကျောက်ဂူကျေးရွာအုပ်စု လွယ်ဟောင်ကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီမှ ဒေသခံအားလုံးကို မောင်းထုတ်ကာ အဆိုပါကျေးရွာထဲတွင် တပ်စွဲထားသည်ထဟု သိရသည်။ 

ပြီးခဲ့သည့် ဇွန် ၈ ရက်နေ့တွင် အိမ်ထောင်စု ၂၅၀ ခန့်ရှိသည့် လွယ်ဟောင်ကျေးရွာထဲကို အကြမ်းဖက်စစ်ကောင်စီမှ စတင်ဝင်ရောက်လာပြီး သေနတ်ဖောက်ကာ ကျေးရွာခံများအားလုံးကို ကျေးရွာဘုန်းကြီးကျောင်းတွင် လူစုခိုင်းခဲ့သည်ဟု သိရသည်။ 

“သူတို့က ဝင်လာပြီး သေနတ်ပစ်ဖောက်တယ်။ အကုန်လုံးကို ဘုန်းကြီးကျောင်းမှာ လာစုခိုင်းတာ။ ကလေးတွေရော အဘိုးအဘွားတွေအကုန်ဘဲစုရတယ်။ ရွာထဲမှာ တစ်ယောက်မှမကျန်ဘူး။ ၃ ရက်နေရတာ အဲဒီဘုန်းကြီးကျောင်းမှာက သူတို့ကပေးမပြန်ဘူး တစ်ယောက်မှလေ။ ၃ရက်ပြည့်တော့ အကုန်လုံးကို ရွာအပြင်ဘက်မှာ မောင်းထုတ်လိုက်တာ။ ဘာပစ္စည်းမှယူခွင့်မပေးဘူး ဘုန်းကြီးကအစ အကုန်ရွာထဲကနေ မောင်းထုတ်တာ လို့ “ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါသည်။

အကြမ်းဖက်စစ်ကောင်စီသည် လွယ်ဟောင်ကျေးရွာခံများအားလုံးကို မောင်းထုတ်ကာ ကျေးရွာထဲတွင် တပ်စွဲထားသည့်အပြင် ဒေသခံများ၏ ပစ္စည်းများ၊ ရွှေ နှင့်အဖိုးတန်ပစ္စည်းများကို ယူဆောင်သွားသည့်အပြင် အခြားပစ္စည်းများကို မွှေနှောက်ထားခဲ့သည်ဟု သိရပါသည်။

“အိမ်ရောက်တော့ သူတို့ပစ္စည်းတွေအကုန်မွှေထားတယ်၊ လက်ထွန်စက်တို့ ရွှေတို့ဆို ယူသွားတယ်၊ စပါးတွေလဲ အကုန်ကြဲထားတယ်အိမ်ထဲမှာ၊ ပြီးတော့ ပြောင်းမျိုးစေ့တို့ ဆိုင်မှာရောင်းဖို့ တယ်ထားတဲ့ ပစ္စည်းတွေဆိုလဲ အကုန်ယူသွားပြီး သူတို့တွေက အကုန်လုံးကို ပေးမပြန်ဘူး၊ တစ်ချို့သူတွေဘဲ ပစ္စည်းနည်းနည်း ပြန်ယူရတာပေါ့၊ ဘုန်းကြီးကျောင်းကနေ မောင်းထုတ်ခံရသော ဘာပစ္စည်းမှ မယူလိုက်ရဘူးလေ၊ အခုရွာမှာအဘိုးတစ်ယောက်ကျန်ခဲ့တယ်၊ သူကကျန်းမာရေးမကောင်းလို့လေ၊ အခုအဘိုးကဘယ်လိုနေလဲမသိဘူး၊ သေနေလားမသိဘူး” ဟု ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက တအာင်းအမျိုးသမီး အဖွဲ့စည်းကို ထပ်မံ ပြောကြားခဲ့ပါသည်။

လွယ်ဟောင်ကျေးရွာခံများသည် ယနေ့အချိန်အထိ အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများနှင့် တောင်ယာများတွင် သွားရောက်ခိုလှုံလျက်ရှိနေပြီး စစ်ဘေးရှောင် အိမ်ထောင်စု ၂၅၀ နှင့် လူဦးရေ (၁၀၀၀) ကျော်ခန့် အကူအညီလိုအပ်နေကြောင်း စုံစမ်းသိရှိရပါသည်။

ရှမ်း/တောင် ကျောက်ဂူကျေးရွာအုပ်စုတွင် လွန်ခဲ့သည့် ၂၀၂၄ ခုနှစ်ကုန် ဒီဇင်ဘာလ ၉ ရက်နေ့ကတည်းက ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော် (DPLA)၊ အကြမ်းဖက်စစ်ကောင်စီတို့ အကြားတွင် စတင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင်လည်း ပထမအကြိမ်စစ်ရှောင်ခဲ့ဖူးပြီး ကျောက်ဂူဒေသအတွင်း လေကြောင်းဗုံးကြဲခြင်း၊ ဒေသခံများရှိရာသို့ လက်နက်ကြီးများပစ်ခတ်ခြင်းကြောင့် ထိခိုက်ဒဏ်ရာရသည့် ပြည်သူ ၁၂ ဦး၊ သေဆုံးသူ ၄ ဦး အထိ ရှိခဲ့သည်။ 

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူ=အင်းတောလမ်းကြောင်းသည် လက်ရှိ TNLA တအာင်းတပ်မတော် (TNLA) တပ်မှ ၁ နှစ်နီးပါးကြာသည့်အထိ အပြင်းအထန်ထိုးစစ်ဆင်နေသည့် နောင်ချိုမြို့နယ် တောင်ခမ်းဒေသနဲ့ ရှမ်း/တောင်ကို အဓိကဆက်သွယ်ထားသည့်လမ်းကြောင်း လည်းဖြစ်သလို အကြမ်းစစ်ကောင်စီဘက်မှလည်း ရှမ်း/မြောက် နောင်ချိုမြို့နယ်ဘက်သို့ စစ်ကူပေးပို့ရာတွင် အဓိကကျသော လမ်းကြောင်းတစ်ခုဖြစ်ပါသည်။  

ပုံ – ဒေသခံ

#စစ်ဘေးရှောင် #လွယ်ဟောင်ကျေးရွာ #ရှမ်းတောင် #ကျောက်ဂူ #စကစ #အင်းတော