နောင်ချိုတွင်တောယာရှင်းစဉ်မိုင်းပေါက်ကွဲ၍အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရ၊ဆေးကုသရန်အကူညီလိုအပ်
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် ဒေသခံအမျိုးသားတစ်ဦးသည် တောင်ယာရှင်းနေစဉ် မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲပြီး ဘယ်ဘက်ခြေထောက်မှာ အရိုးကျိုးသည့် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ပြီးခဲ့သည့် မေလ ၁၁ ရက် နေ့လယ် ၁ နာရီဝန်းကျင်အချိန်တွင် နောင်ချိုမြို့နယ် အုမ္မတီးကျေးရွာနေ အသက် ၃၄ နှစ်အရွယ် ဦးစိုင်းလောဝ်လျန်းဆိုသူသည် တောင်ယာခင်းအတွင်း တောင်ယာရှင်းနေစဉ် မိုင်းတစ်လုံး ခုတ်မိရာမှ မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။
အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် ဦးစိုင်းလောဝ်လျန်းသည် ဘယ်ဘက်ခြေထောက် ထိခိုက်ဒဏ်ရာရသည့်အပြင် ညာဘက်ခြေထောက်အရိုးကျိုးသွားသည့်ဒဏ်ရာကြောင့် စတီးထည့်ထားရပြီး ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
“သူတို့က ၃ယောက် ခြံသွားယမ်းတာ သူဘဲထိတယ်၊ အဲခြံကို သူတို့ပစ်ထားတာ ၂နှစ်လောက်ရှိပြီ၊ သူရဲ့ ညာခြေထောက်က စတီးထည့်တာတယ်” ဟု ကာယကံရှင်၏ ညီဖြစ်သူမှ တအာင်းအမျိုးသမီးအဖွဲ့အစည်းအား ပြောကြားခဲ့ပါသည်။

မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် နေရာသည် ယခင်က တိုက်ပွဲဖြစ်ပွားခဲ့ဖူးသည့် နယ်မြေဖြစ်ပြီး အဆိုပါမိုင်းမှာ မည်သည့်အဖွဲ့အစည်း၏ မိုင်းဖြစ်ကြောင်းနှင့် မိုင်းအမျိုးအစား တိတိကျကျမသိရကြောင်း ထပ်မံပြောကြားခဲ့သည်။
လက်ရှိတွင် ထိခိုက်ဒဏ်ရာရသည့် ဦးစိုင်းလောဝ်လျန်းသည် ပြင်ဦးလွင်မြို့ ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်ကာ ခွဲစိတ်ကုသမှု ပြုလုပ်ထားသော်လည်း ဆေးကုသစရိတ် ဆက်လက်လိုအပ်နေကြောင်း သိရှိရပါသည်။





