နောင်ချိုမြို့တွင် နေအိမ်၌ ထင်းခွဲရာမှ မိုင်းပေါက်ကွဲပြီး လူငယ်တစ်ဦး လက်တစ်ဖက်ဖြတ်လိုက်ရ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ စစ်ကောင်စီတပ် ထိန်းချုပ်ထားသည့် နောင်ချိုမြို့တွင် နေအိမ်၌ ထင်းခွဲနေစဉ် မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး ဒေသခံလူငယ်တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့၊ ပါဟတ်ရပ်ကွက်တွင် နေထိုင်သည့် အသက် (၁၉) နှစ်အရွယ်ရှိ မောင်ထက်ကိုအောင် သည် ပြီးခဲ့သည့် မေလ ၁၂ ရက်နေ့က ၎င်းတို့၏နေအိမ်၌ ထင်းခွဲနေစဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
”ညလဲဖြစ်တော့ ကျတော့က ဗိုက်ဆာလို့ ထင်ခုတ်တာလေ၊ ထင်းတုံးအောက်မှာ မိုင်းရှိနေတာကိုလည်း မသိခဲ့ဘူး။ ပုဆိန်နဲ့ ခွဲလိုက်တဲ့အချိန်မှ ပေါက်ကွဲသွားတာ။ ” ကာယကံရှင်အမျိုးသားက တအာင်းအမျိုးသမီး အဖွဲ့အစည်းကို ပြေားကြားခဲ့ပါသည်။
လက်ရှိတွင် မိုင်းပေါက်ကွဲမှုကြောင့် မောင်ထက်ကိုအောင်ဆိုသူသည် ဘယ်လက် လက်ကောက်ဝတ် အပေါ်ပိုင်းဖြတ်ထားကာ ညာလက် လက်ညိုးကျိုး လက်မကွဲပြီး ညာခြေထောက် ပွန်းပဲဒဏ်ရာဖြင့် ပြင်ဦးလွင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူလျက်ရှိနေရကြောင်း သိရှိရပါသည်။





