နောင်ချိုရှိစာသင်ကျောင်းအတွင်းမိုင်းရှင်းလင်းရန်ကြိုးပမ်းသည့်အရပ်သားနှစ်ဦးနှင့်အကြမ်းဖက်စစ်ကောင်စီတပ်သားနှစ်ဦးမိုင်းပေါက်ကွဲ၍ထိခိုက်သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ နောင်လင်ရွာရှိ စာသင်ကျောင်းအတွင်း မိုင်းရှင်းလင်းရေးလုပ်ဆောင်ရန်ပြင်ဆင်စဉ် မြေမြုပ်မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး အရပ်သားနှစ်ဦးနှင့် စစ်ကောင်စီတပ်သားနှစ်ဦး ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဧပြီလ ၅ ရက်နေ့က ဉာဏ်တောကျေးရွာအုပ်စု၊ နောင်လင်ကျေးရွာရှိ အခြေခံပညာကျောင်း၌ မြက်ရိတ်စက်ဖြင့် မိုင်းရှာဖွေရှင်းလင်းရေးလုပ်ဆောင်နေစဉ် အသက် ၅၄ နှစ်အရွယ် ဦးတင်မောင်ဝင်း နှင့် အသက် ၆၃ နှစ်အရွယ် ဦးကျော်သိန်းတို့သည် ထောင်ထားသည့် မြေမြုပ်မိုင်းအား နင်းမိကာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မိုင်းရှင်းလင်းရေးတွင် ပါဝင်သူ အမျိုးသားတစ်ဦးက “ကျွန်တော်တို့က ကျောင်းမှာ မြက်ရိတ်စက်နဲ့ မိုင်းရှာတော့ ပထမတစ်လုံးတွေ့လို့ ဖြုတ်လိုက်နိုင်တယ်။ နောက်ထပ်တစ်လုံး ထပ်တွေ့တဲ့အခါကျတော့ မထုတ်ရဲတော့လို့ သက်ဆိုင်ရာဌာနကိုအကြောင်းကြားခဲ့ပါတယ်။ သူတို့ (စစ်ကောင်စီတပ်သားများ) ရောက်လာပြီး ရှေ့ကနေ ဦးဆောင်ပြီးသွားမယ်ဆိုပြီး လုပ်နေတဲ့အချိန်မှာပဲ မိုင်းနင်းမိပြီး ပေါက်ကွဲသွားတာပါ” ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) သို့ ပြောကြားခဲ့သည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် ရှေ့မှဦးဆောင်သွားသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားနှစ်ဦးအနက် တစ်ဦးမှာ နေရာတင်သေဆုံးသွားခဲ့ပြီး ကျန်တစ်ဦးမှာ ခြေထောက်ပြတ်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

မိုင်းနင်းမိသည့် အရပ်သားနှစ်ဦးဖြစ်သော ဦးတင်မောင်ဝင်းနှင့် ဦးကျော်သိန်းတို့မှာလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သော်လည်း လက်ရှိတွင် ဆေးရုံမှ ဆင်းလာနိုင်ပြီ ဖြစ်သည်။

နောင်လင်ကျေးရွာသည် ယခင်က တအာင်းတပ်မတော် (TNLA) နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့သည့် နေရာတစ်ခုဖြစ်ပြီး အဆိုပါမြေမြုပ်မိုင်းကို မည်သည့်အဖွဲ့က ထောင်ထားသည်ကိုမူ အတည်မပြုနိုင်သေးကြောင်း သိရသည်။