ကွတ်ခိုင်ရှိ တအာင်းကျေးရွာဆိုင်းဘုတ်များအား ကိုးကန့်တပ်မှ တရုတ်စာဖြင့် အစားထိုးရေးသား
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်းရှိ တအာင်းစာပေနှင့် တအာင်းအလံသင်္ကေတဖြင့် အသုံးပြုရေးသားထားသည့် တအာင်းကျေးရွာများ၏ ကျေးရွာအဝင်ဆိုင်းဘုတ်များကို ပြီးခဲ့သည့် ဧပြီလ ၁၄ ရက်သင်္ကြန်ကာလအတွင်းတွင် ကိုးကန့်တပ်မတော် (MNDAA) မှ တရုတ်စာဖြင့် ပြုပြင်ပြောင်းလဲအစားထိုး ရေးသားခဲ့ကြောင့် ဒေသခံထံမှတစ်ဆင့် စုံစမ်းသိရှိပါသည်။
အမည်မဖော်လိုသည့် ဖြစ်စဉ်သိရှိသူ ဒေသခံတစ်ဦးမှ “ သူတို့က တအာင်းကျေးရွာတွေကိုပဲ ဖျက်စီးတာ၊ ဆေးအရောင်ချယ်တယ်၊ တခြားလူမျိုးတွေရဲ့ ဆိုင်းဘုတ်ကို သူတို့ဘာမှပြင်တာမျိုးမရှိဘူး၊ ကိုးကန့်က မြို့သိမ်းပြီး နှစ်ရက်အကြာမှာ အစည်းအဝေးခေါ်တယ်၊ အစည်းအဝေးမှာ တအာင်းအလံနဲ့ ချယ်ထားတာတွေဖျက်ရမယ်၊ တအာင်းစာတော့ သုံးလို့ရသေးတယ်ပြောတယ်၊ ပြီးတော့သူတို့စစ်သား ၂ ယောက်နဲ့ အရပ်ဝတ်တစ်ယောက်နဲ့ ဆိုင်းဘုတ်တွေကို လာဖျက်ဆီးသွားတယ်၊ တအာင်းစာလည်း ပေးမသုံးတော့ဘူး၊ စည်းအဝေးခေါ်တုန်းကလည်း တအာင်းလူမျိုးတွေကိုပဲ အများဆုံး ဦးတည်ပြီးပြောတယ်၊ ကချင်တွေကို သူတို့ဘာမှမပြောဘူး၊ ပထမ အကြိမ်က အဖြူရောင်ဆေးချယ်ပြီး ဗမာစာအနက်ရောင်ပဲ ရေးသေးတယ်၊ နောက်ပြီးတော့ တရုတ်စာနဲ့ ပြန်လfာရေးတယ်ဆိုတော့ နားမလည်နိုင်တော့ဘူး၊ စာတွေလာရေးတဲ့သူက ကာလိုင်ရွာသူကြီး ရေးပေးရတယ်” ဟု ပြောသည်။
ထိုသို့ ကိုးကန့်တပ်မှ တရုတ်စာဖြင့် ပြုပြင်ရေးသားခဲ့သည့် ကျေးရွာဆိုင်းဘုတ်များသည် မန်မောဝ်၊ ပန်ကူ၊ ပန်လော့၊ ကုန်းချမ်း၊ ဟိုဆောင်၊ နမ့်လတ်၊ တုံဆင်ကြီး၊ ဟိုနောင်၊ ပန်ဆေး၊ ဟိုဆိုင်၊ မန်တုံ နှင့် လုံကိန်စသည့် ကျေးရွာများဖြစ်ပြီး ကျန်ရှိနေသည့် ကျေးရွာများ၏ ဆိုင်းဘုတ်များကိုလည်း ပြောင်းလဲရေးသွားရန် ရှိနေသည်ဟု ထိုဒေသခံများက ဆိုပါသည်။
ပြီးခဲ့သည့် မတ်လ ၁၄ ရက်တွင် တအာင်းတပ်ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့နယ်ကို ကိုးကန့်တပ်မှ အင်းအားအလုံးအရင်းဖြင့် ထိုးစစ်ဆင်းပြီး လက်ရှိအချိန်တွင် ကွတ်ခိုင်မြို့ကို ကိုးကန့်တပ်မှ အုပ်ချုပ်ပြီးနောက်ပိုင်းသည် တအာင်းကျေးရွာများ၏ ကျေးရွာအဝင်ဆိုင်းဘုတ်များကို ဖျက်ဆီးပြီး ယခုလို တရုတ်စာဖြင့် ပြင်ဆင်အစားထိုးရေးသားခဲ့ခြင်း ဖြစ်သည်။
အလားတူ ကွတ်ခိုင်မြို့နယ်တွင် တအာင်းပြည်ပညာရေးကောင်စီ (TLEC) မှ ဖွင့်လှစ်ထားသည့် စာသင်ကျောင်းများတွင် “တအာင်းပြည်” စာသားဖြင့် ရေးသားထားသည့် “ကုင်တအာင်း” စာသားများကိုပါ ဖျက်ခိုင်းပြီး တအာင်းအလံများကို ဖြုတ်ချခဲ့ခိုင်းပြီး လာမည့်ပညာသင်နှစ်တွင်လည်း တရုတ်စာကို စာသင်ကျောင်းများတွင် မသင်မနေရ ဘာသာရပ်တစ်ခုအနေဖြင့် သင်ကြားရန် ပြင်ဆင်နေသည်ဟု ဒေသခံများထံ သိရပါသည်။
ကိုးကန့်တပ်ဖွဲ့(MNDAA)သည် ကွတ်ခိုင်မြို့နယ်နှင့် နမ့်ဖတ်ကာကျေးရွာများ၌ ပြုလုပ်ခဲ့သည့် လူထုတွေ့ဆုံဆွေးနွေးပွဲတွင် တိုင်းရင်းသားလူမျိုးတိုင်း၏ ကိုးကွယ်ယုံကြည်မှုနှင့် ရိုးရာဓလေ့ ထုံးတမ်းအစဉ်အလာများကို လေးစားအသိအမှတ်ပြုခြင်း၊ လူမျိုးရေးအရ ခွဲခြားဆက်ဆံမှု မပြုလုပ်ခြင်း၊ တိုင်းရင်းသားလူမျိုးအားလုံးသည် တန်းတူညီမျှသော အခွင့်အရေးများကို ခံစားပိုင်ခွင့်ရရှိစေရမည်ဖြစ်သည်ဟု ပြောဆိုထုတ်ပြန်ထားချက်သည် လက်ရှိလုပ်ဆောင်ချက်နှင့် ကွဲလွဲနေသည်ကို တွေ့ရှိရသည်။

