ကွတ်ခိုင်မြို့တွင်ဒရုန်းဗုံးကြောင့်အမျိုးသမီးတစ်ဦးထိခိုက်သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ဟိုကျန့်ကျေးရွာတွင် တအာင်းတပ်မတော်_ TNLA နှင့် ကိုးကန့်တပ် MNDAA တို့အကြားတိုက်ပွဲဖြစ်ပွားစဉ် MNDAA မှ ဒရုန်းဖြင့် လက်နက်ကြီးကျဲချရာမှ အမျိုးသမီးတစ်ဦးထိခိုက် သေဆုံးသွားခဲ့သည်ဟု သိရပါသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ၁၅ ရက် မတ်လ ၂၀၂၆ ခုနှစ် နံနက် ၉ နာရီအချိန်တွင် ကွတ်ခိုင်မြို့နယ် ဟိုကျန့်ကျေးရွာနေ ဒေါ်ယာမာခင်သည်MNDAA မှ ပစ်ခတ်လိုက်သည့် ဒရုန်းကြောင့် အစမှန်ပြီး သေဆုံးသွားခဲ့ခြင်းဖြစ်ပါသည်။

ဒေသခံအမျိုးသမီးတစ်ဦးမှ “အဲချိန်မှာ ယာမာခင်က မီးဖိုချောင်ထဲမှာ ရှိနေတယ်။ ဒရုန်းက နေအိမ်ခြံဝင်းတံခါးမှာကျပြီး ဒရုန်းအစက သူမရဲ့ ကြောကုန်းဘက်မှာ ထိမှန်သွားတာ။ သူတို့က ဇီဝကမောင်ဆေးရုံမှာ ကုသဖို့သွားခဲ့သေးတယ်။ ဒါပေမယ့် ဇီဝကမောင်ဆေးရုံက သိန္နီဆေးရုံဘက်သို့ ပြန်လွှဲသွားခဲ့ရတယ်။” ဟု တအာင်းအမျိုးသမီး အဖွဲ့အစည်းကို ပြောပြပါသည်။

အဆိုပါ  သိန္နီဆေးရုံဆင်းသွားချိန် လွယ်ဆမ်ဆစ်တောင်အောက်နားတွင် MNDAA တပ်ဖွဲ့မှ စစ်ဆေးမေးမြန်းမှု ကြောင့် လမ်းတွင်ကြာသွားခဲ့ပြီး လူနာသည် သိန္နီဆေးရုံမရောက်ခင်အချိန်တွင် သေဆုံးသွားခဲ့ရကြောင်း ဆက်ပြောပါသည်။