သီပေါမှာဒေသခံတစ်ဦးမိုင်းနင်းပြီးပြင်းထန်စွာဒဏ်ရာရရှိ

ရှမ်း/မြောက် တအာင်းတပ်ထိန်းချုပ်ထားသည့် သီပေါမြို့နယ်တွင် ​ဒေသခံ အမျိုးသားတစ်ဦးမှ  လမ်းဘေးတွင်အပေါ့သွားရာကနေ မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်နှစ်ဖက်တွင် ပြင်းထန်စွာဒဏ်ရာ ရရှိခဲ့သည်။

လွန်ခဲ့သော မေလ ၈ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်တွင် အသက် ၃၁ နှစ်အရွယ် ဦးအိုက်ကျော်ဆိုသူသည် လမ်းဘေးတွင်အပေါ့သွားရင်းနှင့် အကြမ်းဖက်စစ်ကောင်စီ၏ တပ်စခန်းဟောင်းဖြစ်သည့် ၅၀၃ တပ်စခန်းအနီးတွင် မြေမြှုပ်မိုင်းနင်းမိခဲ့ခြင်းဖြစ်ပါသည်။

ကာယာကံရှင်ဖြစ်သူမှ “ကျနော်က တခြားရွာကို အကြွေးသွားတောင်းမလို့သွားတယ်၊ အပေါသွားချင်လို့ ဆိုပြီးသွားလိုက်တယ်၊ သွားတဲ့အချိန်မှာပဲ မိုင်းနင်းမိတယ်၊ ၅၀၃ တပ် အနီးမှာပေါ့၊ ခြေထောက်နှစ်ဖက်စလုံး ဒဏ်ရာရတယ်၊ ဘယ်ခြေထောက်တစ်ဖက်ဖြတ်ရတယ်၊ ညာခြေထောက်ကျတော့ အရိုးကျိုးသွားတယ်၊ ဆေးရုံက အကြာကြီးတက်ရမယ်၊ဆရာဝန်တွေလည်း ဘာမှ မပြောသေးဘူး၊ ကျနော်က ဖြစ်နိုင်ရင် ခြေအတုတွေတပ်ချင်တယ်၊ ဂျိုင်းထောက်လည်း လိုချင်တယ်” ဟုပြောပါသည်။

အဆိုပါ မိုင်းထိသည့် ဦးအိုက်ကျော်သည် သီပေါမြို့နယ် ကွန်စံလိတ်ကျေးရွာတွင် နေထိုင်သူဖြစ်ပြီး တရုတ်နဲ့တအာင်းကပြားလူမျိုးတစ်ယောက် ဖြစ်ပါသည်။ ထို့အပြင် မိသားစုအဆင်မပြေခြင်းကြောင့် ဆေးကုသစရိတ်အတွက် အခက်အခဲဖြစ်လက်ရှိအချိန်ထိ နမ္မတူဆေးရုံတွင် ဆေးကုသမှုခံယူနေဆဲ ဖြစ်ပါသည်။