မန်တုံမြို့နယ်တွင် တစ်ပတ်အတွင်း  မိုင်းနင်းမိသည့် ဒေသခံ ၃ ဦးထိရှိလာပြီး ၂ ဦး သေဆုံး ကလေး ၁ ဦး ဒဏ်ရာရ

ရှမ်း/မြောက် မန်တုံမြို့နယ်တွင် ဇွန်လ တစ်ပတ်အတွင်း ဒေသခံ (၃)ဦး မိုင်းနင်းမိကာရာမှ ၂ ဦး သေဆုံးကာ ကလေး ၁ ဦး ဒဏ်ရာရရှိပြီး နမ့်ဆန်ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သိရရှိရပါသည်။

ဖြစ်စဉ်မှာ ဇွန်လ ၁၇ ရက်နေ့ နံနက်ပိုင်း ၉ နာရီခွဲ အချိန်တွင် မန်တောက်ကျေးရွာနေ ဒေသခံအမျိုးသမီး ၅ ဦးသည် ခြံထဲတွင် လက်ဖက်ခူးနေစဉ် အသက် (၃၂)အရွယ် ရှိပြီဖြစ်သည့် ဒေါ်အီဆေးသည် လက်ဖက်ခြံ အနီးအနားတွင် မှိုနှုတ်ရန်သွား‌နေချိန်တွင် မြေမြှုပ်မိုင်းနင်းမိ၍ ခြေထောက်နှစ်ဖက်လုံးပြတ်ထွက်ကာ ပွဲချင်းပြီး သေဆုံးသွား ပါသည်။

ကျေးရွာတာဝန်ရှိသူတစ်ဦးမှ “သူတို့က လက်ဖက်ခူးသွားကြတာ ငါးယောက်ရှိတယ်၊ အဲ့မှာ ယာအီဆေးက သူတို့နဲ့ လမ်းခွဲသွားပြီးတော့ လက်ဖက်ခြံထဲက အပင်နားလေးမှာ မှိုတွေ့တာကို သွားနှုတ်မလို့ မိုင်းနင်းမိသွားတာ၊ အဲ့မှာပဲ ဆုံးသွားတာ”လို့ ပြောသည်။

ထိုနောက် လွန်ခဲ့သည့် ၁၃ ရက်နေ့တွင်  လုံတောက်ကျေးရွာနေ အသက် (၇၈) နှစ်အရွယ် ဦးအိုက်ဆာသည်  အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းဟောင်းဖြစ်သော (၁၃၀)တပ်အနီးတွင် ကျွဲသွားရှာနေစဉ် မြေမြှုပ်မိုင်းနင်းမိရာမှာ‌ ခြေထောက်တစ်ဖက် ပြတ်ထွက်သွားသဖြင့် သွေးထွက်လွန်ကာ သေဆုံးသွားခဲ့ရသည်။

ဦးအိုက်ဆာ၏သားဖြစ်သူ ပြောကြားချက်အရ  “အဖေက ကျွဲမတွေ့တော့လို့၊ ကျွဲတွေကိုရှာဖို့ လယ်ယာထဲမှာ ခြေရာခံပြီး လိုက်ရှာရင်းနဲ့ ၁၃၀ တပ်ဘက်ရောက်သွားတာ သူအဲ့မှာပဲ မိုင်းနင်းမိပြီး သေဆုံးသွားတယ်”ဟု ပြောသည်။

အလားတူ အသက် (၁၆) နှစ်အရွယ်ရှိ မောင်ရန်လေးသည်လည်း ဇွန်လ ၁၁ ရက်နေ့ မနက်ပိုင်း ၇ နာရီအချိန်တွင် ထိုတပ်စခန်းကုန်းအနီးတွင် မှိုရှာနေသည့်အချိန်တွင် မိုင်းနင်းမိပြီး ဘယ်ခြေထောက်ပြတ်ထွက် ခဲ့ကြောင်း ထပ်မံသိရပါသည်။

မောင်ရန်လေး၏ ဘယ်လက်ခြေထောက် ပြတ်ထွက်ပြီး၊ ညာဘက်လက်တွင် ပြင်းထန်ဒဏ်ရာရရှိသည့်အပြင် ခန္ဓာကိုယ်အနှံ့တွင်လည်း မိုင်းစများထိရှထားသဖြင့် နမ့်ဆန်ဆေးရုံတွင် ယနေ့ထိ ဆေးကုသမှု ခံယူနေရပါသည်။

မန်တုံမြို့နယ်တွင် ၁၀၂၇ စစ်ဆင်ရေးပြီးနောက် ဇွန်လ ၁၁ရက်နေ့မှ ၁၇ ရက်နေ့အတွင်း မြေမြှုပ်မိုင်းနင်းမိသူ များပြားလာပြီး  အမျိုးသမီးနှင့် ကလေးအပါအဝင် သေဆုံးသူ ၂ ဦး နှင့် ဒဏ်ရာရရှိသူ ၁ စုစုပေါင်း ၃ ​ဦးထိ ရှိသည်။

ဓါတ်ပုံ – ဒေသခံ/TWO

#မြေမြှုပ်မိုင်း#မန်တုံ#အမျိုးသမီး#ကလေး#သေဆုံး