သီပေါတွင်မိုင်းနင်းမိပြီးဒဏ်ရာရသော၁၁နှစ်ကလေးတစ်ဦးဆေးကုသမှုအတွက်အကူအညီလိုအပ်

ရှမ်း/မြောက် တအာင်းတပ်မတော် ထိန်းချုပ်ထားသည့် သီပေါမြို့နယ် တုန်စင့်ကျေးရွာ ရပ်ကွက် ၂ တွင် ထင်းခြောက်များ ခွေသည့်ကလေးတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ပြတ်ထွက်သွားကြောင်း သတင်းရရှိခဲ့ပါသည်

ဖြစ်စဉ်တွင် လွန်ခဲ့သော ဖေဖော်ဝါရီလ ၁၁ ရက် နံနက် ၈ နာရီဝန်ကျင်တွင် အသက် ၁၁ နှစ်အရွယ်ရှိ စိုင်းလောဝ်ခမ်းဆိုသူသည်အကြမ်းဖက်စစ်ကောင်စီ၏ တပ်စခန်းဟောင်းဖြစ်သည့် ခြေလျင်တပ်ရင်း (ခလရ-၂၃)အနီးတွင် ထင်းခြောက်များခွေနေစဉ် မြေမြှုပ်မိုင်းနင်းမိခဲ့ခြင်းဖြစ်ပါသည်။

စိုင်းလောဝ်ခမ်း၏ မိခင်ဖြစ်သူမှ “တပ်စခန်းဟောင်းထဲကို သူ့က ထင်းခြောက်သွားခုတ်နေတာ အဲ့မှာပဲ မိုင်းနင်းမိသွားတယ်။ညာဘက်ခြေထောက်တစ်ဖက်ပြတ်သွားတယ်၊ ညာဘက်ခြေထောက်က အရိုးတောင် ထွက်သွားတယ်။ ဘယ်ဘက်ခြေ ထောက်လည်းဒဏ်ရာရတယ်၊ အခု ဆေးရုံမှာ ဆေးကုသနေတုန်းပေါ့နော်။ ဆေးကုသဖို့ အကူအညီ  လိုအပ်နေတယ်”ဟု ပြောပါသည်။

သီပေါမြို့နယ်တွင် ဒေသခံပြည်သူများ မကြာခဏ မိုင်းနင်းသည့် ဖြစ်စဉ်ဖြစ်ပွားနေခြင်းကြောင့် လက်ရှိ အုပ်ချုပ်ရေးအဖွဲ့များ မိုင်းရှင်းလင်းမှုတွေကို ပြုလုပ်စေချင်ကြောင့် ဒေသခံများ တောင်းဆိုလျက်ရှိသည်။

တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ ကောက်ခံရရှိသော မြေမြှုပ်မိုင်းနှင့် စစ်လက်နက်ကြွင်းကျန် ပေါက်ကွဲမှုကြောင်း သေဆုံးသူ ၄ ဦးအနက် ကလေး ၂ ဦး ပါဝင်ပြီး ဒဏ်ရာရသူ ၈ ဦး အနက် ကလေး ၃ဦး အပါအဝင် ဖေဖော်ဝါရီလ တစ်လအတွင် စုစုပေါင်း (၁၂)ဦးအထိ ထိခိုက်မှု ရှိကြောင်း မှတ်တမ်းတင်ထားပါသည်။

ပုံ-CJ

#မြေမြှုပ်မိုင်း

#ကလေး

#ဒဏ်ရာရ

#သီပေါ

#တအာင်းအမျိုးသမီးအဖွဲ့အစည်း