နောင်ချိုမြို့နယ်တွင် နေအိမ်ခြံရှင်းလင်းရာမှ အမျိုးသား ၂ ဦး မိုင်းနင်းမိပြီး ခြေတစ်ဖက်စီဖြတ်ပစ်လိုက်ရ

၂၃ အောက်တိုဘာလ ၂၀၂၅

အကြမ်းဖက်စစ်ကောင်စီမှ ပြန်လည်ထိန်းချုပ်သည့် နောင်ချိုမြို့နယ် ဉာဏ်တောအုပ်စု နောင်ပြစ်ကျေးရွာတွင် အမျိုးသား ၂ ဦးသည် နေအိမ်ခြံဝန်းအတွင်းတွင် မြေမြှပ်မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်စီ ပြတ်ထွက်သွားသည်ဟု သိရပါသည်။

ပြီးခဲ့သည့် စက်တင်ဘာလတွင် ဒေသခံဖြစ်သည့် အသက် ၂၉ နှစ် ဦးနိုင်ထွေးနှင့် အသက် ၂၅ နှစ် မောင်ကျော်ဇင်ဝင်းတို့သည်နေအိမ်ခြံဝန်းအတွင်း ခြံရှင်းလင်းရာမှ မိုင်းနင်းမိခဲ့ခြင်း ဖြစ်သည်။

ဦးညီ(အမည်လွှဲ)၏ ဇနီးဖြစ်သူမှ “ကျမတို့က အိမ်မှာ မနေတာကြာပြီ။ စစ်ရှောင်သွားတာ ပြန်လာတော့ နေအိမ်ခြံဝင်း ရှင်းတာပေါ့။အဲ့တာနဲ့ နင်းမိသွားတာ။ အခု ပြင်ဦးလွင်ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်။ ကျော်ဇင်ဝင်း (တူလေး) က ဆေးရုံဆင်းပြီပေါ့နော်။သူက အရင်နင်းမိတာ” ဟု TWO ကိုပြောပါသည်။

ဦးညီ(အမည်လွှဲ) သည် ပြီးခဲ့သည့် စက်တင်ဘာလ ၂၈ ရက် နေ့လယ် ၁၂ နာရီအချိန်တွင် ၎င်း၏ ခြံဝန်းအတွင်းတွင် ခြံရှင်းနေသည့်အချိန် မြေမြှုပ်မိုင်းနင်းမိခဲ့ခြင်း ဖြစ်သည်။

အလားတူ မောင်နီ(အမည်လွှဲ) သည်လည်း စက်တင်ဘာ ၁၁ ရက်နေ့ ညနေ ၆ နာရီအချိန်တွင် ခြံဝန်း အတွင်းတွင်သာ ထပ်မံမိုင်းနင်းမိပြီး မည်သည့်လက်နက်ကိုင်တပ်ဖွဲ့မှ မိုင်းထောင်ထားသည်ကို မသိရကြောင်း ဆက်ပြောပါသည်။

လက်ရှိတွင် ဦးညီ(အမည်လွှဲ)သည် ဘယ်ဖက်ခြေထောက် ပြတ်ထွက်သွားသောကြောင့် ပြင်ဦးလွင်ဆေးရုံတွင် ဆေးကုသမှုခံယူလျက် ရှိပြီး မောင်နီ(အမည်လွှဲ)သည် ဘယ်ဖက်ခြေထောက် ပြတ်ထွက်ခဲ့ပြီး လက်ရှိတွင် ဆေးရုံဆင်းရပြီ ဟုလည်း သိရပါသည်။