နောင်ချိုမှာ ကြံတင်သည့် ဒေသခံ ၂ ဦး မြေမြှုပ်မိုင်းထိခိုက် ဆေးကုသစားရိတ်အကူအညီလိုအပ်
အကြမ်းဖက်စစ်ကောင်စီတပ် ပြန်လည် ထိန်းချုပ်ထားသော နောင်ချိုမြို့နယ်တွင် ဒေသခံအမျိုးသား ၂ ဦး မြေမြှုပ်မိုင်းနင်းမိပြီးပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။
ဖြစ်စဉ်တွင် ပြီးခဲ့သည့် မတ်လ ၂၁ နေ့လယ် ၂ နာရီ ဝန်းကျင် နောင်တောကျေးရွာတွင် တောင်ခမ်းကျေးရွာ၏ တောင်ဘက်တွင် ရှိသောနားရှိုးကျေးရွာ ဘက်ကို ကြံသွားတင်ရာကနေ မြေမြှုပ်မိုင်းနင်းမိခဲ့ခြင်းဖြစ်ပါသည်။
မိသားစုဝင်ဖြစ်သူတစ်ဦးမှ “ နားရှိုးနဲ့ တောင်ခမ်းရွာရဲ့တောင်ဘက်မှာ ကြံခင်းထဲမှာ ကြံသွားတင်နေတယ်။ ကြံတင်ရင်းနဲ့ မိုင်းထိသွားတယ်။ ညာဒူးခေါင်းအောက်ဘက်မှာ ဒဏ်ရာရတယ်။ ခြေထောက်တစ်ဖက်ပြတ်သွားတယ်။ ရင်ဘက်နဲ့ လက်မောင်းမှာလည်း ဒဏ်ရာရတယ်။” ဟုပြောပါသည်။

အဆိုပါ မိုင်းထိသည့် သူသည် အသက် ၄၉ နှစ်အရွယ်ရှိ ဦးတင်လှိုင်ဆိုသူပဲ ဖြစ်ပြီး ဆေးကုသစားရိတ်အတွက် အကူအညီလိုအပ်ကြောင့် သိရှိရပါသည်။
ထိုဖြစ်စဉ်နည်းအတူ ပြီးခဲ့သည့် မတ်လ ၁၅ ရက်နေ့သည်လည်း နောင်တောကျေးရွာတွင် နေထိုင်သည့် အသက် ၂၄ နှစ်အရွယ် ကိုရန်မျိုးအောင်လည်း မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက် နှစ်ဖက်စလုံးတွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါသည်။
“ ရွာနီးမှာရှိတဲ့ ကြံခင်းမှာ ကြံသွားတင်တယ်။ ခြေနှစ်ဖက်စလုံးလည်း ထိတယ်။ ဘယ်ခြေထောက်က ပြတ်သွားတယ်။ ညာခြေကျတော့ ဒူးခေါင်းထိတယ်။ ဘယ်တင်ပါးလည်း ဒဏ်ရာရတယ် ”ဟု ကာယာကံရှင်ဖြစ်သူမှ ဆိုပါသည်။
ထိုသို့မြေမြှုပ်မိုင်းထိခိုက်သည့် ဒေသခံအမျိုးသားနှစ်ဦးသည် ပြင်ဦးလွင်ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိပြီး ဆေးကုသစားရိတ်အတွက်လည်း အကူအညီလိုအပ်နေကြောင့် သိရှိရပါသည်။









Leave a Reply
Want to join the discussion?Feel free to contribute!