MNDAA မှ နမ့်ဖတ်ကာ တအာင်းနေအိမ်အချို့ကို နေထိုင်ခွင့်ပိတ်ပင်ပြီး ချိတ်ပိတ်မှုလုပ်ဆောင်နေ၊ ဒေသခံများကို TNLA တပ်ဖွဲ့ဝင်မလုပ်ရန် ဝန်ခံကတိလတ်မှတ်ထိုးခိုင်း
ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာကျေးရွာတွင် ကိုးကန့်တပ်မတော်- MNDAA တပ်ဖွဲ့မှ တအာင်းလူမျိုးများ၏ နေအိမ်အတွင်း ပစ္စည်းဝင်ရောက်မွှေနှောက်ခြင်းနှင့် နေအိမ်များကို ချိတ်ပိတ်ခြင်းများ ပြုလုပ်နေသည်ကို ဒေသခံ(လွေးနီလာ) အမည်လွှဲထံမှ သိရှိရပါသည်။
နမ့်ဖတ်ကာကျေးရွာ ရပ်ကွက် ၃ တွင် ပြီးခဲ့သည့် မတ်လ ၁၄ ရက် စပြီး ယနေ့ ၂၄ ရက် အချိန်ထိ တအာင်းတပ်မတော်-TNLA ရဲစခန်းအနီးရှိ တအာင်းလူမျိုးများ၏ နေအိမ် (၇) အိမ်ကို ဝင်ရောက်မွှေနှောက်ခဲ့သည့်အပြင် နေထိုင်ခွင့်လည်း ပိတ်ထားခဲ့သည်ကို ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ဒေသခံအမျိုးသမီးတစ်ဦးမှ “ နမ့်ဖတ်ကာကို ပစ်တဲ့နေ့လယ်ကတည်းက အိမ်ထဲပေးမဝင်တော့ဘူး၊ အိမ်ရှင်တွေက တောင်းဝင်လဲ လုံးဝမပေးဘူး၊၊ ၁၅ ရက်မှာ အိမ်ထဲဝင်ဖို့ အမျိုးသားကို သွားပြောခိုင်းလဲ ပေးမဝင်ဘူး၊ ယောကျာ်းလေးမို့လို့ မပေးဝင်တာထင်ပြီး နေ့လယ်ရောက်တော့ ကျမကိုယ်တိုင် သွားတောင်းလဲ မပေးဘူး၊ မင်းတို့အိမ်တွေကို စိတ်ချ၊ ပစ္စည်းတွေလည်း စိတ်ချလို့ရတယ် ပြောလိုက်သေးတယ်၊ကျနော်တို့က မထိဘူးတဲ့၊ အခုကျတော့ ဘာမှမကျန်အောင် အကုန်ဖျက်စီးသွားတာ ” ဟု ပြောသည်။

ကိုးကန့်တပ်ဖွဲ့ဝင်များသည် နေအိမ်အတွင်း ဝင်ရောက်မွှေနှောက်ထားပြီး အိမ်အသုံးအဆောင်ပစ္စည်းများ၊ တန်ဖိုးစျေးကြီး ပရိဘောဂများမှန်သမျှကို ယူဆောင်သွားခဲ့ပြီး ကျန်ရှိနေသည့် ပစ္စည်းများကို ရည်ရွယ်ချက်ရှိရှိ ဖျက်စီးထားခဲ့သည်ဟု နမ့်ဖတ်ကာဒေသခံများက ဆိုကြပါသည်။
နောက်ထပ်ဒေသခံအမျိုးသားတစ်ဦးမှ “ ကျနော်တို့က အစောကြီးကတည်းက အခြားမြို့ကို ရှောင်သွားတာ၊ ဘာမှမယူသွားရဘူး၊ အခုက ရပ်ကွက်လူကြီးတွေကနေ ဖုန်းခေါ်ပြီးပြန်လာခိုင်းတာ၊ အရပ်သားဖြစ်တယ်ဆိုရင် ဝန်ခံကတိလတ်မှတ် လာထိုးပါတဲ့၊ ကြောက်စရာမလိုဘူးတဲ့ ” ဟု ပြောပါသည်။
ဒေသခံများသည် နေအိမ်သို့ ပြန်လာနေထိုင်နိုင်ရန်နှင့် TNLA ၏ တပ်ဖွဲ့ဝင်မဟုတ်ပဲအရပ်သားဖြစ်ကြောင်းကို ရပ်ကွက်အတွင်းရှိ တရုတ်လူမျိုးအုပ်ချုပ်ရေးမှူးနှင့် တရုတ် စာပေယဉ်ကျေးမှုအဖွဲ့များနှင့်အတူ အိမ်ပိုင်ရှင်များကို ဝန်ခံကတိလတ်မှတ်ထိုးခိုင်းပြီး TNLA နဲ့ ဆက်စပ်သည့် လက်နက်ပစ္စည်းများ လက်ဝယ်ရှိထားပါက MNDAA တပ်ဖွဲ့ထံ လာရောက်အပ်နှံပေးရမည်ဟု အထက်ပါဒေသခံအမျိုးသားက ဆက်ပြောပါသည်။
ကိုးကန့်တပ်ဖွဲ့များသည် ဒေသခံနေအိမ်များကို ချိတ်ပိတ်ပြီးနောက် နေအိမ်သို့ ပြန်လာနေရန် တောင်းဆိုသည့် အိမ်ရှင်များကို ပါးစပ်ပိတ်ထားရန်နှင့် ဖမ်းဆီးပြီး အချုပ်ထဲထည့်မည်ဟု ခြိမ်းခြောက်မှု လုပ်ခဲ့သည်။
နေအိမ်များ ချိတ်ပိတ်ခံရသည့် အချို့သော ဒေသခံများ၏ အိမ်အတွင်း ပစ္စည်းများကို မီးရှို့ဖျက်စီးခံရသည့် ဒေသခံများ အိမ်ရှင်များလည်း ရှိနေပါသည်။



Leave a Reply
Want to join the discussion?Feel free to contribute!