ကွတ်ခိုင်တွင် ဗုံးပေါက်ကွဲမှုကြောင့် ကလေး ၂ ဦး၊ အမျိုးသမီး ၁ ဦး ဒဏ်ရာရ
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ရပ်ကွက် (၂)ရှိ တအာင်းအမျိုးသမီးရေးရာရုံးဝန်းအတွင်း တိုက်ပွဲဖြစ်ပွားခဲ့စဉ် ကျန်ခဲ့သည့် ဒရုန်းဗုံးပေါက်ကွဲမှုကြောင့် ကလေး ၂ ဦးနှင့် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရသည်ဟု သိရပါသည်။
ပြီးခဲ့သည့် မတ်လ ၂၅ ရက် ၂၀၂၆ ခုနှစ် နေ့လယ် ၁၂ နာရီဝန်းကျင်တွင် ကွတ်ခိုင်မြို့ ရပ်ကွက် (၂) ရှိ တအာင်းအမျိုးသမီးရေးရာရုံးဝန်းအတွင်း ထင်းသွားသယ်နေသည့် မိသားစုသည် မပေါက်ကွဲသေးသည့် ဒရုန်းဗုံးကို ကောက်ယူလွှင့်ပစ်ရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။
အမျိုးသမီးတစ်ဦးမှ “အဲဒီရုံးဝန်းထဲမှာ ထင်းသွားသယ်ကြတာ၊ ဖြစ်ချင်တော့ ပြီးခဲ့တဲ့တစ်ခေါက်က ရုံးဝန်းထဲ ဗုံးကျထားတဲ့ဟာ သူ့ရဲ့ဗုံးထိပ်ခေါင်းကျန်ခဲ့တော့ ဒေါ်အေးရွှေက သွားကိုင်ကြည့်သေးတယ်၊ ကလေးတွေကလည်း တစ်ယောက်တစ်လှည့်စီ ကိုင်ကြည့်သေးတယ်၊ ပြန်မယ်လုပ်တဲ့ချိန်မှာ ကလေးတွေက အဲ့ဒီဗုံးကို ယူပစ်လိုက်တော့ ပေါက်ကွဲသွားတာ” ဟု ပြောပါသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် အသက် ၆၃ နှစ် ဒေါ်အေးရွှေသည် ကြောကုန်းဒဏ်ရာ၊ အသက် ၁၀ နှစ်အရွယ် မဆုကလျာသည် ဘယ်ဖက်တင်ပါး ထိခိုက်ပြီး အသက် ၁၃ နှစ်အရွယ် မောင်နိုင်မင်းထွန်းသည် ခြေထောက်နှစ်ဖက် စလုံး ဒဏ်ရာပြင်းထန်ရရှိသည်ဟု ဆက်ပြောပါသည်။
လက်ရှိတွင် မောင်နိုင်မင်းထွန်းသည် ခြေထောက်နှစ်ဖက်စလုံးတွင် ဒဏ်ရာပြင်းထန်သောကြောင့် သိန်နီဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိပါသည်။



Leave a Reply
Want to join the discussion?Feel free to contribute!