ကွတ်ခိုင်တွင်MNDAA ပစ်ခတ်သည့်ဒရုန်းကြောင့်မန်ထမ်ရွာဘုန်းကြီးကျောင်းထိခိုက်ပျက်စီး၊စစ်ရှောင်ပြည်သူ၁ဦးသေဆုံး၊၄ဦးဒဏ်ရာရ
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မန်ထမ်ကျေးရွာတွင် တအာင်းတပ်မတော်_TNLA နှင့် ကိုးကန့်တပ် MNDAA တို့အကြားတိုက်ပွဲဖြစ်ပွားခဲ့စဉ် MNDAA တပ်မှ ဒရုန်းဖြင့် လက်နက်ကြီးပစ်ခိုက်သောကြောင့် ကျေးရွာဘုန်းကြီးကျောင်းကို ထိခိုက်ခဲ့ပြီး စစ်ရှောင်ပြည်သူ ၂ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရခဲ့သည်ဟု သိရပါသည်။
ပြီးခဲ့သည့် ၁၅ ရက် မတ်လ ၂၀၂၆ ခုနှစ် နံနက် ၁၀ နာရီအချိန်တွင် ကွတ်ခိုင်မြို့နယ် အင်းမိန်းဟိုကျန့်အုပ်စု မန်ထမ်ကျေးရွာဘုန်းကြီးကျောင်းအတွင်း ပြည်သူများ စစ်ရှောင်နေစဉ် MNDAA မှ ဒရုန်းဖြင့် လက်နက်ကြီးကျဲ ချခဲ့ခြင်းဖြစ်ပြီး ကျောင်းဆောင်အချို့ ထိခိုက်ပျက်စီးခဲ့သည်။
ဒေသခံအမျိုးသားတစ်ဦးမှ “ဒဏ်ရာရသူက ၄ ဦးရှိတယ်၊ ကလေး ၂ ဦး၊ အမျိုးသမီး ၂ ဦးပါတယ်၊ သေဆုံးသူက ကလေးတစ်ဦးနှင့်အမျိုးသမီး ၁ ဦးဖြစ်တယ်၊ စုစုပေါင်း ၆ ဦးထိတာပေါ့၊ ပြီးတော့ ဘုန်းကြီးကျောင်းဆောင်က ၁၀ဆောင်ပျက်စီးသွားတယ်၊ ပြောရရင်တစ်ကျောင်းလုံးပျက်စီးတာပေါ့” ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်းကို ပြောပါသည်။
အထက်ပါ လက်နက်ကြီးကျဲခြင်းကြောင့် ဒဏ်ရာရသူမှာ အသက် ၉ နှစ်အရွယ် လွေးအီမိုး၊ အသက် ၅ နှစ်အရွယ် လွေးအမ်၊ အသက်၅၀ မာအေးဌေး၊ အသက် ၄၇ နှစ် မာအွန်တို့ ဖြစ်ကြပြီး သေဆုံးသူမှာ အသက် ၅ နှစ်အရွယ် လွေးအီမိုးခမ်းနှင့် အသက် ၄၈ အရွယ်ယာလွေးတို့ ဖြစ်သည်။
ထို့အပြင် မန်ထမ်ကျေးရွာ ဘုန်းကြီးကျောင်းဆောင်၊ ဘုရားကျောင်း၊ ဓမ္မာရုံကျောင်း၊ မီးဖိုဆောင်၊ ဇရပ်ဆောင်၊ အိမ်သာနှစ်ခန်း၊မီးစက်ခန်း၊ သင်္ကြန်ရေလောင်းဆောင် နှင့် သိမ်ကျောင်း ပျက်စီးသွားပြီး ပြန်လည်ပြုပြင်ရန် ရံပုံငွေလိုအပ်နေပြီး ထိခိုက်ဒဏ်ရာရသူများအတွက် ဆေးကုသရန် ဆေးကုသစရိတ်လိုအပ်ကြောင်းလည်း အထက်ပါ အမျိုးသားမှ ဆက်ပြောပါသည်။


Leave a Reply
Want to join the discussion?Feel free to contribute!