တောင်ယာသွားနေစဉ် မိုင်းနင်းမိသော လွယ်ကန်ရွာသား ဘယ်ခြေထောက်ပြတ်သွားကာ ကျောက်ဂူဆေးရုံတွင် ဆေးကုသမှုခံယူနေ

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် အင်းတောမြို့နယ်ခွဲ ကျောက်ဂူကျေးရွာအုပ်စု လွယ်ကန်ကျေးရွာတွင် တောင်ယာသွားနေသော အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ဘယ်ခြေထောက်ပြတ်သွားကာ ကျောက်ဂူဆေးရုံ တွင် ဆေးကုသမှုခံယူနေရကြောင်း ဒေသခံမှ တစ်ဆင့်သိရပါသည်။

ဖြစ်စဉ်မှာ ဇွန်လ ၁၄ ရက်နေ့ မနက်(၉)နာရီခန့်တွင် အသက် ၄၂ နှစ်အရွယ်ရှိ ဦးခင်မောင်သည် စပါးနှင့်ပြောင်းဖူး ပျိုးပင်ကြဲရန် တောင်ယာသို့သွားနေစဉ် လွယ်ကန်ကျေးရွာအနီး လယ်ကွက်သွားသည့်လမ်းတွင် မိုင်းနင်းမိ ထားသည့် ကျွဲကိုကြည့်ပြီး ပြန်လှည့်လာသောအခါ ၎င်း၏နွားလှည်းချည်ထားသော သစ်ပင်အောက်တွင် ကြိုးဖြည်နေစဉ် မိုင်းထပ်မံနင်းမိပြီး ခြေထောက်ပြတ်ထွက်ကာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါသည်။

လွယ်ကန်ရွာဒေသခံတစ်ဦးက “သူက စပါးနဲ့ပြောင်းဖူး ပျိုးကျဲဖို့ ခြံထဲသွားတာ ‌သူ့ကျွဲက မိုင်းနင်းမိထားတာတွေ့လို့  ကျွဲတွေလိုက်ကြည့်တာပေါ့နော် သူကနွားလှည်းနဲ့သွားတာ ကျွဲတွေကြည့်ဖို့ နွားလှည်းတွေကို သစ်ပင်မှာချိတ်ထား တယ် အဲနားမှာပဲ ကျွဲကမိုင်းနင်းမိပြီး ‌ခြေတစ်ဖတ်ပြတ်ထားတယ် သူလဲ ခြံထဲမသွားတော့ဘဲ အိမ်ပြန်လှည့် လာမယ်ပေါ့  အဲနဲ့ချည်ထားတဲ့နွားကို လှည်းပြန်တပ်ဖို့ သွားဖြုတ်ရင်း အာ့မှာ သူလဲနင်းမိသွားတယ် ဒူးအောက်ပိုင်း ခြေထောက်ပြတ်သွားတယ်”

မြေမြှုပ်မိုင်းနင်းမိသော ဦးခင်မောင်သည် ဘယ်ခြေထောက်တစ်ဖက်ပြတ်ထွက်သွားပြီး ကျောက်ဂူဆေးရုံတွင် ဆေးကုသမှု ခံယူနေရသည်။

အဆိုပါဒေသတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တပ်ဖွဲ့များက တပ်စွဲထားသည့် ဒေသဖြစ်သည်ဟု ထပ်မံစုံစမ်းသိရှိရပါသည်။

ဓါတ်ပုံ – ဒေသခံပေးပို့

#မြေမြှုပ်မိုင်း # ဒဏ်ရာရ #အင်းတော #လွယ်ကန်ကျေးရွာ