နောင်ချိုမြို့တွင်ကြံခုတ်ရင်းကြိုးမိုင်းတိုက်မိပြီးကလေးတစ်ဦးအပါအဝင်အမျိုးသမီး၄ဦးထိခိုက်ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် ကုန်းစံကျေးရွာ၏ အရှေ့ဖက်ကုန်းတွင် ကြံခုတ်ရင်း ကြိုးမိုင်းတိုက်မိပြီး ကလေးငယ်တစ်ဦးအပါအဝင် အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာရသည်ဟု သိရပါသည်။

မနေ့ ၁၂ ရက် ဖေဖော်ဝါရီ ၂၀၂၆ ခုနှစ် နံနက် ၈ နာရီဝန်းကျင်တွင် ကြိုးမိုင်းတိုက်မိပြီး ကုန်းစံကျေးရွာနေ အသက် ၄၃ နှစ် မစန်းပို၊အသက် ၂၇ နှစ် မစန်းညို၊ အသက် ၃၃ နှစ် မအေးအေးအောင်နှင့် အသက် ၈ အရွယ် မယွန်းဝတီတို့ ထိခိုက်ဒဏ်ရာရခဲ့ပါသည်။

ဒဏ်ရာရသည့် မစန်းပိုမှ “နောင်ချိုရောက်တာ မကြာသေးဘူး၊ အမျိုးသားက စစ်တပ်ထဲဝင်ရလို့ အဆင်မပြေတော့ ရွာကိုပြန် လာတာ။ အရင်က မန်လေးမှာနေတာ၊ ကြိုးမိုင်းတိုက်မိပြီး ပေါက်ကွဲသွားတော့ မိုင်းအစစင်တာ၊ ကျမတို့ ကြံခင်းမှာ ကြံခုတ်ရင်းနဲ့ ဖြစ်တယ်၊ ရွာနဲ့ ၂ မိုင်လောက်ဝေးတယ်” ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်းကို ပြောပါသည်။

နောက်ထပ်ထိခိုက်သူတစ်ဦးမှ “ကြံခင်းထဲမှာ လူ ၉ ယောက်ရှိတယ်၊ ၄ ယောက်ကအရင်ရောက်တာပေါ့၊ ပြီးတော့ ကျမရောက်တယ်ပြီးမှ လေးယောက်ထပ်ရောက်လာတယ်၊ ဘယ်တစ်ယောက် မိုင်းတိုက်မိမှန်းတော့မသိဘူး၊ မိုင်းအစ ထိတာတော့ ၄ ယောက်ပေါ့၊ ၃ယောက်က ဆေးရုံတက်စရာမလိုဘူး၊ တစ်ယောက်တော့ ခုဆေးရုံတက်ရတယ်” ဟု ဆက်လက်ပြောသည်။

မစန်းညိုသည် ညာဖက်ခြေသလုံးမှာ အရိုးထိခိုက်ဒဏ်ရာရရှိပြီး မစန်းပိုသည် ဘယ်ခြေမျက်စိအပေါ်နားက အပြင်ပိုင်းတွင် ထိခိုက်ဒဏ်ရာရခဲ့သည်။​ မအေးအေးအောင်သည် ဦးခေါင်းနောက်စိ၊ ညာဘက်ပေါင်၊ ဘယ်ဘက်နားရွက်အနောက်တွင် အစအနည်းငယ် ထိမှန်ပြီး  သမီးဖြစ်သည့် မယွန်းဝတီသည် ဘယ်ခြေဖနောင့်၊ ညာဘက် နားထင်တွင် မိုင်းအစ အနည်းငယ် ထိမှန်ခဲ့ကြသည်။

အဆိုပါ ကြိုးမိုင်းတိုက်မိသည့် နေရာသည် ယခင်က ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော် (DPLA) နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) တို့ သွားလာလှုပ်ရှားခဲ့သည့် နေရာဖြစ်ကြောင်းလည်း ၎င်းအမျိုးသမီးမှ ဆက်ပြောပါသည်။

0 replies

Leave a Reply

Want to join the discussion?
Feel free to contribute!

Leave a Reply

Your email address will not be published. Required fields are marked *